close

လူသတ် လိုင်စင် (သရော်စာ)

ခိုနားနေရာရွာကလေးရဲ့ အေးစက်လှတဲ့ဆောင်းမနက်မှာ အဘစောမူးသာတို့အိမ် ဘက်ထွက်လာတော့ နှင်းထုကြီးဟာပိတ်ကာဆီးနေပြီး အဝေးကြီးကို မမြင်ရပါဘူး။

အဲသည်နှင်းထုကြီးဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဘယ်အချိန်အထိများ ဖုံးလွှမ်းနေအုံးမှာလဲ။ အခုတော့ ရှေ့ဘာကိုမှ သဲသဲကွဲကွဲမမြင်ရသေးတဲ့ အချိန် ကာလ ရာသီပေါ့။

နေရောင်လာရင်တော့ အဲသည် ပိတ်ဖုံးနေတဲ့နှင်းခဲတွေ အရည်ပျော်ကျကာ ဘေးဘယ်ညာကို ထင်ထင်ရှားရှား မြင်ခွင့်ရကြမှာပေါ့ခင်ဗျာ။ ခုချိန်မှာတော့ နှင်းထုကြားမှာ အချင်းချင်းတွေ မတိုးမိ မတိုက်မိအောင် ဂရုတစိုက်သွားလာလှုပ်ရှားကြဖို့ အရေးကြီးပါတယ်။

အကယ်၍များ မတော်တဆ တိုးမိတိုက်မိခဲ့ကြရင်လည်း မိတ်ဆွေရင်းတွေချင်းမို့ ခွင့်လွှတ်ကြဖို့လည်း လိုပါတယ်။ အပြစ်မမြင်ကြဖို့ အပြစ်မတင်ကြဖို့လည်း ကြိုးစားကြရင် အဆင်ပြေမှာပါ ခင်ဗျာ။

လျှောက်လာရင်းနဲ့ အိမ်ခြံကွေ့တစ်နေရာအရောက်မှာ တစ်စုံတစ်ယောက်နဲ့ ရုတ်တရက် တည့်တည့်ကြီးကိုဝင်တိုးမိပါလေရောခင်ဗျ။ “သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်” ဆိုတဲ့ ဗဒင်ရဲ့သီချင်းလိုပါပဲ၊ ဖေကြီးနဲ့ ဝင်တိုက်မိသူဟာ သည်ရွာက အစိမ်းရောင် စူပါစတား စိမ်းသရဖူစိမ်းအဘစိမ်းမောင်ကြီးဗျ။

" ဆောရီးနော် အဘသိမ်းမောင် "

" ရပါတယ် ဖေကြီးရာ၊ မမြင်လိုက်ဘူးကွ "

ပြီးတော့ နှစ်ယောက်သားယှဉ်တွဲလျှောက်ကာ လက်ဖက်ရည်ကြမ်းဝိုင်းကို အတူတကွ ချီတက်ခဲ့ကြပါတယ်။

(ခ)

အဘစောမူးသာတို့ စစ်ပြန်တပ်ကြပ်ကြီး အဘလုံးတုံးတို့နဲ့ဆုံတဲ့အခါ လမ်းမှာ မမြင်မစမ်းနဲ့ဝင်တိုက်မိခဲ့ကြသေးတာကို ဖောက်သည်ချတော့ ဟိုအဘတွေက ' တဟားဟား ' ပေါ့။

" မင်းတို့တွေ နပန်းထလုံးခဲ့ကြသေးလား "

"နပန်းတော့ လုံးခဲ့ပုံမရကြပါဘူး၊ ခါးကြားကသေနတ်တွေ ကိုယ်စီဆွဲထုတ်ပြီးတော့ပဲ အပြန်အလှန်ထိုးချိန်ခဲ့ကြပုံပဲ မူးသာရ "

" ဟား ဟား ဟား ဟား ဟား ဟား . . . "

အဘစောမူးသာနဲ့ အဘလုံးတုံးတို့ရဲ့ အရွှင်စကားကြောင့် တဝါးဝါးပါ ခင်ဗျ။ အဘစိမ်းမောင်လည်း လိုက်ပြီးရယ်နေပေမယ့်ဟိုအဘတွေရဲ့ စကားနောက်ကွယ်မှာ ရှိ နေသေးပုံရတဲ့ လျှို့ဝှက်ချက်ကိုတော့ ရိပ်မိပုံမရဘူးလို့ ဆိုရမယ်။ ဖေကြီးကတော့ ဒက်ကနဲကို အတွေးပေါက်သွားပါသဗျ။  မှန်မမှန်တော့ စောင့်ကြည့်ရမှာပေါ့လေ။

ဖေကြီးအတွေး မဝေးဘူးဆိုတာ ခဏလေးအတွင်းမှာပဲ အဖြေပေါ်ပါတယ် ခင်ဗျ။ ဖေကြီးက ' လက်နက်ကိုင်ဆောင်ခွင့် ' အမိန့်ကြော်ငြာစာကို ပြေးတွေးမိခဲ့တာ ဆိုတော့လေ။ အဘစောမူးသာက အဘစိမ်းမောင်ကို ဆက်မေးနေတာကိုး။

" ဒါနဲ့ စိမ်းမောင်ရ . . . မင်း ခုနက လေရှီးကဖေကြီးကို ထုတ်ပြီးချိန်ခဲ့တဲ့ သေနတ်က ဘာသေနတ်အမျိုးအစားလဲကွ "

" ဟေ . . . ဘာကိုပြောတာလဲ မူးသာရ "

" မင်းကိုင်တဲ့သေနတ်က ပစ္စတိုလား၊ ဒါမှမဟုတ် ၆ လုံးပြူးလား မေးတာဟ"

ဖေကြီးအတွေး မှန်လေ၏။ အဘစိမ်းမောင်ကား နားလည်ဟန်မတူ၊ အူကြောင်ကြောင်ဖြစ်နေရှာလေ၏။ ဒီတော့မှ ဟိုအရွှင်အဘတွေက မအလ၏ စကစက ထုတ်ပြန်ထားရာ " လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူ "  ကိစ္စကိုရှင်းပြတော့မှ ' သြော် . . . . အေး 

အေး . . . အဲဒါလား ' ဖြစ်ရှာပါလေ၏။

သို့ဖြင့် သည်မနက် အကြမ်းဝိုင်းမှာ လွှမ်းမိုးသွားခဲ့သည်ကား အဆိုပါ လိုင်စင်နှင့်' သေနတ်ကိုင်ဆောင်ခွင့် ' ကိစ္စသာဖြစ်ပါလေတော့၏ ခင်ဗျာ။

ဂုဏ်ထူးရှောင် ဉာဏ်တုံးမောင် ကြင်စိုး သာ၀ မအလ၏ တဖြည်းဖြည်းနီးကပ်လာသည့် နောက်ဆုံးနေ့များမှာတော့ လူထုကိုကာကွယ်ပေးရမည့်သူတွေက လူထုကိုမကာကွယ်နိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်သာ အစွမ်းကုန်ရုန်းကန်ရတော့မည့်အခြေအနေသို့ ဆိုက်ရောက်သွားပြီကိုတွေ့ရကြောင်း ဟိုအဘတွေက သုံးသပ်ပြကြပါလေ၏။

" အခုနေ သေနတ်ကိုင်ချင်လို့ သူတို့ ငါတို့သွားလျှောက်ကြရင် လိုင်စင်ထုတ်ပေးမယ် လို့ မင်းထင်သလား စိမ်းမောင် "

" အေး . . . ပေးမှာပေါ့ကွ မူးသာရ၊ သူတို့ ကြေညာချက် ထုတ်ထားတာပဲ ဥစ္စာ "

" ဟားဟား ဟားဟား ဟားဟား . . . "

" မင်းက ဒင်းတို့ရဲ့ ၁၅ မျက်နှာရှိတဲ့ အဲသည်အမိန့်ကြော်ငြာစာကို သေသေချာချာမှမဖတ် ပဲစိမ်းမောင်ရ . . . ဟ ဟ ဟ "

အဘစိမ်းမောင်ကို ဟိုအရွှင်အဘတွေက ရွှင်ရွှင်ပြပြ ရှင်းပြကြပါ၏။ ယခု သူတို့၏ " လုပ်ကွက် " မှာ သူတို့၏ လုပ်နေကျ ' ကလေးကွက် ' တွေထဲက နောက်ဆုံးတစ်ခုသာဖြစ်ကြောင်းပါတဲ့ ခင်ဗျ။

(ဂ)

" အဓိက ကတော့ ကြင်စိုး သာ၀ မအလဟာ သူ့လူတွေ၊ သူ့ဘောမတွေ၊ သူ့နောက် လိုက်အဖွဲ့အစည်းဝင်တွေကို လုံးဝကိုကာကွယ်မှုမပေးနိုင်တော့ပဲ " နင်တို့တွေ ကိုယ့်ဟာကိုယ်သာ ကြည့်ကျက်ပြီးကာကွယ်ကြ ပေတော့ဟဲ့ " လို့ အသိပေးလိုက်တာပါတဲ့။

အခု လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ရမယ့်သူတွေထဲမှာ ပျူ စောထီးတွေ ၊ ပြည်သူ့စစ်တွေ၊ ဒလန်တွေ၊ စိမ်းသရဖူစိမ်းပါတီဝင်တွေ၊ ဘောမတွေနဲ့ ရပ်ကျေးအဆင့်လူမိုက်တွေ၊သူတို့ခန့်ထားတဲ့ အုပ်ကြီးတွေသာ ပါမယ်လို့သိသာထင်ရှားစွာ ရေးထားတာ မြင်ရပါသတဲ့ ခင်ဗျ။

" အေး . . . လုံးတုံးတို့ ဖေကြီးတို့ရေ . . .မင်းတို့ ငါတို့လိုလူတွေကတော့ လိုင်စင်နဲ့ပေးကိုင်ဖို့ လျာထားတဲ့စာရင်းထဲမှာ ရှိမှာမဟုတ်တာ ကျိန်းသေပဲဟ  ဟ ဟ "

" ဟုတ်တယ်မူးသာရ . . . ဒီရွာက သေနတ်ကိုင်ခွင့်ရမယ့်သူတွေထဲမှာ စိမ်းမောင်တို့၊ သူ့သား လေမောင်တို့၊ စိမ်းမောင်ယောက်ဖအုပ်ကြီးတို့၊ တောင်ကျောင်းကိုယ်တော် ဦးအစိမ်းတတို့ကတော့ အော်တော်မစ်တစ် ထိပ်ဆုံးကပေါ့ကွ . . . အာ ဟ . . . အာ ဟ "

" ဝါး ဟားဟား ဟားဟား ဟားဟား . . . "

အဘစိမ်းမောင်ကား မျက်နှာထား ရှုတည်တည်ဖြစ်သွားပါလေပြီး မှုန်တေတေအသွင်သို့ပြောင်းကာ သိပ်ကြည်ပုံမရတော့ပါ။ ဟိုအဘတွေကလည်း ပြင်ပလက်တွေ့မြေပြင်အခြေအနေမှာ ဖြစ်လာနိုင်သည့်ရှေ့အလားအလာကိစ္စတွေကို အနီးစပ်ဆုံး ခန့်မှန်းရင်း ရှင်းပြနေကြဆဲပါ။

" ဒီမှာ စိမ်းမောင် . . . . မင်းတို့အဘ သူခိုးပီဘိ လုဓားပြ ကြင်စိုး သာ၀ မအလဟာ သူ့ နောက်ဆုံးရက်တွေမှာ အိမ်ကြက်ချင်းကို အိုးမည်းတွေသုတ်ပေးပြီး နှစ်ဖက်စလုံးကို သေအောင် ကျေအောင် ခွပ်ခိုင်းတော့မှာဟ "

" ဟုတ်တယ်စိမ်းမောင်ရ . . . မူးသာပြောတာ အမှန်ပဲကွ၊ မင်းစဉ်းစားကြည့်လေ . . အခု လက်နက်ကိုင်ဆောင်ခွင့်ပြုတဲ့သူတွေထဲမှာ ငါတို့လို စစ်မှုထမ်းအငြိမ်းစားတွေကိုပါ အမှု ' တွဲ ' လာတာ မင်းအမြင်ပဲ "

" အဲ . . . ဘယ်လို ' တွဲ ' လာတာလဲ "

အဘလုံးတုံးတို့က ထပ်၍ရှင်းပြရပြန်ပါလေ၏ ခင်ဗျာ။ ပင်စင်ယူသွားသည့် စစ်သည်တွေလည်း သူတပ်ထဲမှာကိုင်ဆောင်ခဲ့သည့်လက်နက်ကို အငြိမ်းစားယူပြီးနောက် ဆက်လက်ကိုင်ဆောင်ခွင့်ပြုပေးမှာပါတဲ့။ ' ဝင်ပြီးတိုက်ပေးရမယ်ဟေ့ ' ဟူသည့်သဘောပေါ့တဲ့။

နောက်ဆုံး နိဂုံးချုပ်သည့်အခါမတော့ ယခုလို လက်နက်ကိုင်ဆောင်ခွင့်ရရှိသည့်သူ တွေအကုန်လုံးဟာ ' စကစ ' ဘက်ကနေ' ဝင်ကူ ' တိုက်ပေးပါ့မယ်ခင်ဗျာလို့ ဝန်ခံကတိပြုထားကြရသူတွေပါတဲ့ ခင်ဗျာ။

" ဒီတော့ . . . မင်းကို လိုင်စင်နဲ့ သေနတ်ထုတ်ပေးရင် ယူရမလား မယူရဘူးလားဆို တာ သေသေချာချာ ချင့်ချင့်ချိန်ချိန် အပြန်ပြန်အလှန်လှန် စဉ်းစားပြီးမှ ဆုံးဖြတ်ပေါ့ကွာ "

အဘစိမ်းမောင်ကား ရှုတည်တည်ကြီး မှုန်တေတေကြီး မျက်နှာထားတင်းတင်းကြီးဖြင့် တစ်စုံတစ်ရာကို စဉ်းစားတွေးတောနေသလိုပါပေ။ သူ့မျက်ဝန်းထဲကိုကြည့်လိုက်တဲ့အခါ

' လိုင်စင်ရ ' ရွှေရောင်ပစ္စတိုသေနတ်ကြီးကို ခပ်ရေးရေး တွေ့မြင်ရသလိုလိုပါပဲ ခင်ဗျ။

" မင်းတော့ မသိဘူး၊ မင်းတို့အဘ မအလကြီးတော့ ပခုံးထမ်းက နှစ်လက်၊ ချိုင်းကြားမှာ နှစ်လက်၊ ခါးနှစ်ဖက်မှာ နှစ်လက်၊ ပေါင်တွေမှာ နှစ်လက်၊ ခြေသလုံးမှာ နှစ်လက် ချိတ်ပြီး ' ရန်ဘို ' လိုလို ဘာလိုလိုပုံစံကြီးနဲ့ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရပြီဟ "

" အိမ်း . . . ဟုတ်သဟ၊ ကြင်စိုး သာ၀ မအလ ဂျပုကတော့ ‘ရန်ဘိုစတားလုံး’ တော့မဟုတ်ဘူး၊ ‘ရန်လို ငကြွားလုံး’ ပါတဲ့ဗျား"

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

ဖေကြီး (လေရှီး)

Up