close

အစ္စရေးတွင် တရားရုံးစနစ် ပြင်ဆင်ရေးဆုံးဖြတ်ချက်ကို လူထောင်ချီ ထပ်မံဆန္ဒပြ

အစ္စရေးနိုင်ငံမှာ တရားရေးဝန်ကြီးဖြစ်သူက တရားရုံးစနစ်ကို ပြန်လည်ပြင်ဆင်ရေး ဆက်လုပ်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားပြီးပြီလို့ ပြောခဲ့လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေက လမ်းတွေပေါ်ကို ပြန်ထွက်လာခဲ့ကြပါတယ်။ 

ဆန့်ကျင်ဆန္ဒပြသူတွေဟာ အလံတွေကိုင်ဆောင်ရင်း ကြွေးကြော်သံတွေနဲ့အတူ ချီတက်ခဲ့ကြတာပါ။ 

“ကျမတို့အစ္စရေးနိုင်ငံကို ဂေးလိယက်ဇာတ်ကောင်လို ဖြစ်ခွင့်မပေးနိုင်ပါဘူး၊ သူတို့ဟာ ကျမတို့အပေါ်မှာ ဖိနှိပ်ဖို့ကြိုးစားတယ်၊ စော်ကားဖို့ကြိုးစားတယ်၊ သွေးခွဲဖို့ကိုလည်း သူတို့ကြိုးစားနေကြ ပေမယ့် ကျွန်မတို့ဘက်က ဒီလိုလုပ်ဆောင် ခွင့်ပြုတော့မှာ မဟုတ်ပါဘူး၊ အစ္စရေးနိုင်ငံ နယ်ပယ်အသီးအသီးက အမျိုးသမီးတွေဟာ နိုင်ငံတဝန်းမှာ ဒီလို ပုံစံဝတ်ဆင်ကာ တော်လောက်ပြီလို့ ပြောဆိုနေကြပါပြီ၊ သူတို့ ဒါကိုလက်ခံတော့မှာ မဟုတ်ပါဘူး” လို့ ဆန္ဒပြသူ ဟာဒက်စ် ရက်ဂိုစကီးက ပြောပါတယ်။ 

ဗွီဒီယိုထဲမှာလည်း ဒီဆန္ဒပြသူတွေက တဲလ်အဗီးမြို့က အဓိကအဝေးပြေးလမ်းမကြီးတခုကို ပိတ်ဆို့ထားတာကြောင့် ယာဉ်ကြောပိတ်ဆို့နေတာကို တွေ့ရပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အစိုးရက တရားရုံးချုပ်အပေါ် ပစ်မှတ်ထားလာချိန် ကစလို့ ဒီလိုအပတ်စဉ်ချီတက်ဆန္ဒပြပွဲတွေကို ဇန်နဝါရီလအစောပိုင်း ကတည်းက ဆင်နွှဲလာခဲ့တာ ဖြစ်ပြီး လူအများအပြား တက်ရောက်ပါဝင်ခဲ့ကြပါတယ်။ 

နေတန်ယာဟုဟာ သူရဲ့လက်ယာယိမ်းနဲ့ဘာသာရေးဆိုင်ရာ မဟာမိတ်တွေနဲ့အတူ အုပ်ချုပ်မှုကဏ္ဍ အပါအဝင် ဥပဒေပြုလွှတ်တော်ကို ထိန်းကြောင်းပေးနေတဲ့ တရားရုံးချုပ် အခွင့်အာဏာကို ကန့်သတ်ဖို့အတွက် ဥပေဒပြဋ္ဌာန်းနိုင်ဖို့ မျှော်လင့်နေကြတာပါ။ ဒီအပေါ်မှာ ဆန္ဒပြသူတွေက ဆန့်ကျင်နေကြတာပါ။ 

နိုင်ငံ့လွှတ်တော်မှာလည်း နေတန်ယာဟုနဲ့ မဟာမိတ်တွေက စိုးမိုးထားသလို တရားသူကြီး တွေကိုခန့်အပ်ရာမှာ အဆုံးအဖြတ်ပေးနိုင်တဲ့အာဏာကို ဒီလွှတ်တော်အမတ်တွေဆီ အပ်နှင်းမယ့် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။ 

ဒီပြုပြင်ပြောင်းလဲမှုကို ထောက်ခံသူတွေကတော့ တရားရုံးချုပ်အနေနဲ့ နိုင်ငံရေး နယ်ပယ်ထဲမှာ လိုတာထက်ပိုပြီး ဝင်ရောက်ခြယ်လှယ် နေတာကို ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ ဒီအစီအစဉ်ဟာ တရားရုံးတွေကို အားနည်းစေမှာဖြစ်သလို အရပ်ဘက်လွတ်လပ်ခွင့်ကိုလည်း အန္တရာယ်ဖြစ်စေနိုင်ပြီး အနောက်မဟာမိတ်တွေနဲ့ ဆက်ဆံရေးအပါအဝင် စီပွားရေးကိုပါ ထိခိုက်လာစေ နိုင်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

နောက်ထပ် လက်ယာယိမ်းဝါဒီတွေရဲ့ ဆန္ဒပြပွဲကိုတော့ မြို့တော် ဂျေရုစလင်မှာ ပြုလုပ်ခဲ့ပြီး နှစ်ဖက်ကြား သဘောတူညီမှုရရှိအောင် နားလည်မှုရှိရှိ လုပ်ဆောင်ကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Up