close

ကူဝိတ်နှင့်အီရတ် ရေကြောင်းနယ်နိမိတ်အငြင်းပွားမှု အဆုံးသတ်ရေး ကြိုးပမ်းမည်

ကူဝိတ်နဲ့အီရတ်တို့ဟာ ဥပဒေရေးရာနဲ့ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ဒီနေ့ကျင်းပမှာဖြစ်ပြီး နှစ်နိုင်ငံကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးတဲ့ ရေကြောင်း နယ်နိမိတ် အငြင်းပွားမှု အဆုံးသတ်ရေး ကြိုးပမ်းသွားမယ်လို့ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ် ဆလမ် အဗ်ဒူလာ အယ်လ်ဂျာဘာ အယ်လ် ဆာဘာက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောပါတယ်။

ကူဝိတ်ကို အီရတ်က ကျူးကျော်ပြီးနောက် ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂက နှစ်နိုင်ငံကြား ကုန်းတွင်း နယ်နိမိတ် သတ်မှတ်ပေးခဲ့ပေမယ့် သူတို့ရဲ့ ရေပိုင်နက် နယ်နိမိတ်အရှည်ကို မသတ်မှတ် ပေးရသေးပါဘူး။ 

ဒါကြောင့် ရေနံထုတ်လုပ်သူ နှစ်နိုင်ငံကြား ရေပိုင်နက် နယ်နမိတ်ကို ဖြေရှင်းဖို့ ရှိနေပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပြီး တိုးတက်မှုမျှော်လင့်ချက်ရှိတယ်လို့ ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

"ဒါဟာ ကူဝိတ် အစိုးရအတွက် အလွန် ဦးစားပေး ကိစ္စတခုပါ။ အဲဒီ ရေပိုင်နက် နယ်နိမိတ် သတ်မှတ်မှုကို အပြီးသတ်ဖို့ အီရတ်နဲ့ အတူ လုပ်ဆောင်နေပါတယ်" လို့ သူက မြူးနစ် လုံခြုံရေး ညီလာခံအတွင်း လူတွေ့မေးမြန်းခန်းတရပ်မှာ ပြောခဲ့ပါတယ်။

သဘောတူညီချက်တရပ် ရရှိရေး ဥပဒေရေးရာနဲ့ နည်းပညာဆိုင်ရာအဖွဲ့တွေဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

သဘောတူညီချက်တရပ်ဟာ ဆိပ်ကမ်းတွေ တည်ဆောက်မှု၊ နယ်စပ်ရေနံမြေ စီမံခန့်ခွဲမှု၊ နှစ်နိုင်ငံအကြား အထွေထွေကုန်သွယ်မှုနဲ့ သယ်ယူပို့ဆောင်ရေး လွယ်ကူမှုတို့ကနေ ပိုမိုနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို တံခါးဖွင့်ပေးနိုင်ပါတယ်။ 

အယ်လ်ဆာဘာဟာ အီရတ်ဝန်ကြီးချုပ် မိုဟမ်မဒ် ရှီးယား အယ်လ် ဆူဒါနီနဲ့ ဖေဖော်ဝါရီ ၁၇ ရက်က မြူးနစ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

Up