close

အစ္စရေးက ဆီးရီးယားကို ဒုံးကျည်ဖြင့်တိုက်ခိုက်၊ လူ ၅ ဦး သေဆုံး

အစ္စရေးက ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းမှာ ဒုံးကျည်နဲ့တိုက်ခိုက်လို့ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့လယ်မှာရှိတဲ့ ခါဖာဆိုဆာရပ်ကွက်က အဆောက်အအုံကို ထိမှန်ပြီး လူငါးဦး သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒုံးကျည်ထိမှန်တဲ့ အဆောက်အဦနားမှာ အစောင့်အကြပ် ထူထူထပ်ထပ်ချထားတဲ့ အီရန်စခန်း အဆောက်အဦကြီးတွေ ရှိနေတာပါ။

ရှားရှားပါးပါး ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် မြို့တော်ရဲ့ အလယ်ဗဟိုက လူနေထူထပ်တဲ့ခရိုင်အတွင်း အိုမေယဒ်ရင်ပြင်နားက  အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပါတယ်။

အသေအပျောက်နဲ့ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက နိုင်ငံပိုင်မီဒီယာကို ပြောပါတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

အစ္စရေးက သန်းခေါင်ယံအချိန်မှာ ဆီးရီးယားမြို့တော်ထဲက နေရာအများအပြားကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သားငါးဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရတယ်၊ လူနေအိမ်အဆောက်အဦ အများအပြား ပျက်စီးခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဆီးရီးယား နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

လေကြောင်းပစ်ခတ်မှုဟာ သီးခြားပုဂ္ဂိုလ်တဦးကို ရည်ရွယ်ခြင်း ရှိ၊ မရှိ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဓိက ယဉ်ကျေးမှုစင်တာ အပါအဝင် အီရန်လုံခြုံရေးအေဂျင်စီ အများအပြားတည်ရှိရာ ခါဖာဆိုဆာရပ်ကွက်ကို ၂၀၀၈ ခုနှစ် ဗုံးခွဲတိုက်ခိုက်မှုအတွင်း အီရန်လိုလားသူ ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူး အီမဒ် မိုနီယေး သေဆုံးခဲ့ဖူးပါတယ်။

အစ္စရေးဟာ အိမ်နီးချင်း ဆီးရီးယားနိုင်ငံထဲမှာ အီရန်တပ်ဖွဲ့ဝင်တွေ ထားရှိမှုနဲ့ အီရန်က ပံ့ပိုးပေးထားတဲ့ လက်နက်တွေ လွှဲပြောင်းမှုအပေါ် ဆယ်စုနှစ်တခုနီးပါးကြာအောင် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

အီရန်ဟာ မကြာသေးမီနှစ်တွေအတွင်း ဆီးရီးယားမှာ သူ့ရဲ့ စစ်အင်အားကို တိုးချဲ့ခဲ့ပြီး အစိုးရထိန်းချုပ်နယ်မြေအများစုမှာ ခြေကုပ်ယူထားပါတယ်။

ပြည်သူ့စစ်တွေနဲ့  ဒေသတွင်း အရန်လက်နက်ကိုင်အဖွဲ့တွေရဲ့ ကွပ်ကဲမှုအောက်မှာ ထောင်ပေါင်းများစွာသော အဖွဲ့ဝင်တွေ ရှိတယ်လို့ အနောက်ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆီးရီးယားပြည်တွင်းစစ်မှာ အီရန်တပ်ဖွဲ့တွေက သူ့ကိုယ်စား လုပ်ဆောင်ခဲ့တယ်လို့ ဆီးရီးယားသမ္မတ ဘတ်ရှား အယ်လ် အာဆတ် အစိုးရက ဘယ်တုန်းကမှ လူသိရှင်ကြား အသိအမှတ် မပြုခဲ့ပါဘူး။ မြေပြင်မှာ အီရန်အစိုးရရဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးတွေသာ ရှိတယ်လို့ ပြောခဲ့ပါတယ်။

Up