close

ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်သည် ၂ သိန်းနီးပါး သေဆုံးဒဏ်ရာရဟု အမေရိကန်ပြော

ရုရှားစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ယူကရိန်းမှာ အရှက်ရစရာ စစ်တပ်ဆုတ်ခွာမှု သုံးကြိမ် လုပ်ခဲ့ရပြီး ရုရှားစစ်သည် ၂ သိန်းနီးပါး သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့လည်း ရုရှားကာကွယ်ရေးဝန်ကြီးကတော့ သမ္မတ ဗလာဒီမာပူတင်ရဲ့ ကျေးဇူးနဲ့ နေရာမြဲနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။

ပူတင်မှာ အသက် ၆၇ နှစ်အရွယ် ရွှိုင်ဂူကို ရာထူးမှာဆက်ထားဖို့ အကြောင်းပြချက်မျိုးစုံ ရှိတယ်လို့ အနောက်တိုင်းအရာရှိတွေ၊ ဝါရင့် ရုရှားအစိုးရကို လေ့လာစောင့်ကြည့်သူတွေနဲ့ အနောက်တိုင်း စစ်မှုထမ်းဟောင်းတွေက ဆိုပါတယ်။

ရွှိုင်ဂူဟာ အလွန်သစ္စာစောင့်သိပြီး ပူတင်ကို သမ္မတဖြစ်လာအောင် ကူညီပေးခဲ့တဲ့အပြင် ယူကရိန်းအရေး ဆုံးဖြတ်ချက်ချရာမှာ သူတယောက်တည်းက ချမှတ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“သစ္စာစောင့်သိမှုဟာ ပူတင်ရဲ့ အတွင်းစည်းထဲမှာ အရည်အချင်းကို အမြဲတမ်း အနိုင်ယူနေပါတယ်” လို့ ကာနယ်ဂျီ တတ်သိပညာရှင်အဖွဲ့က ပူတင်အကြောင်း အထူးကျွမ်းကျင်သူ အန်ဒရူးဝိုက်စ်က ပြောပါတယ်။

သူဟာ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ မူဝါဒရေးရာကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပူတင်အကြောင်းစာအုပ် ရေးသားသူပါ။

ပူတင်ဟာ လူတွေကို အလုပ်ထုတ်ဖို့ ခက်ခဲပြီး ဒီလိုကိစ္စတွေကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်လေ့ရှိတယ်လို့ လူသိရှင်ကြား ဝန်ခံခဲ့ဖူးတဲ့အကြောင်း ဝိုက်စ်က ပြောပါတယ်။

ရွှိင်ဂူရဲ့ ယူကရိန်းမှာ ကိုယ်ပိုင်စွမ်းဆောင်ရည်အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတုံ့ပြန်ခဲ့ပါဘူး။

မြို့ပြအင်ဂျင်နီယာအဖြစ် လေ့ကျင့်သင်ကြားထားတဲ့ သဘောထားတင်းမာသူ ရွှိုင်ဂူဟာ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးကတည်းက ရုရှားနိုင်ငံရဲ့ ဩဇာတည်ဆောက်ပုံတွေမှာ ထိပ်တန်းအလုပ်တွေကို ဆက်တိုက်ရယူခဲ့ပြီး ကွယ်လွန်သူသမ္မတ ဘောရစ် ယဲ့လ်ဆင် လက်ထက် အရေးပေါ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး ပူတင်ရဲ့ အတွင်းစည်းမှာ ပါဝင်ကာ သူ့ဇာတိ ဆိုက်ဘေးရီးယားမှာ ပူတင်နဲ့အတူ အမဲလိုက်ရင်း ငါးဖမ်းတဲ့ အားလပ်ရက်တွေကို နှစ်သက်ခဲ့ပါတယ်။

ယူကရိန်းမှာ ရုရှားအစိုးရရဲ့ အမှားတွေ ရှိနေပေမဲ့ ရွှိုင်ဂူဟာ စစ်ဘက်ဆိုင်ရာ စွမ်းရည်တွေကို “အဆမတန်တိုးမြှင့်” ခဲ့ပြီး ယူကရိန်းမတိုင်မီ ရှုပ်ထွေးတဲ့ စစ်ဆင်ရေးတွေကို ကြီးကြပ်ခဲ့တယ်လို့ လန်ဒန်အခြေစိုက် RUSI Think-tank က အကြီးတန်းသုတေသနမှူး ဂျက်ခ် ဝက်ထ်လင်းက ပြောပါတယ်။

Up