ကိုရီးယားမင်းသား ယူးအာအင် တနှစ်အတွင်း မူးယစ်ဆေးဝါး ၇၃ ကြိမ် သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိ

တောင်ကိုရီးယားနာမည်ကြီး မင်းသား ယူးအာအင်ဟာ ၂၀၂၂ ခုနှစ် ဇန်နန်ဝါရီလကနေ ဒီဇင်ဘာလအထိ တလကို ၆ ကြိမ်နဲ့ စုစုပေါင်း ၇၃ ကြိမ် မူးယစ်ဆေး သုံးစွဲခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ကြော်ငြာနဲ့ အမှတ်တံဆိပ်တွေကနေလည်း ဖယ်ရှားခံနေရပါတယ်။
ကိုရီးယားရဲတပ်ဖွဲ့အနေနဲ့ ၂၀၂၃ ခု ဖေဖော်ဝါရီလ အစောပိုင်းတည်းက ပရိုပိုဖိုလ် တရားမဝင် အသုံးပြုမှုနဲ့ စွပ်စွဲခံထားရတဲ့ ၃၆ နှစ်အရွယ် မင်းသား ယူးအာအင်ကို စစ်ဆေးခဲ့တာဖြစ်ပြီး ဆီးနဲ့ ဆံပင်ကို စမ်းသပ်စစ်ဆေးစဉ် ကနဦး စစ်ဆေးချက်အရ ဆေးခြောက်နဲ့ ပရိုပိုဖိုလ် သုံးစွဲထားကြောင်း တွေ့ရှိခဲ့ပြီးနောက် ကိုကင်းနဲ့ ကီတမိုင်းတို့ပါ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ TV Chosun က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကိုရီးယားအင်တာနက်အသုံးပြုသူတွေက သတင်းနဲ့ပတ်သက်ပြီး တုန်လှုပ်ချောက်ချားနေကြပြီး “သူ မသေသေးတာ ကျေးဇူးတင်ရမယ်။ ဒါက စိတ်ပျက်စရာပဲ။ သူက ငါ့အကြိုက်ဆုံး သရုပ်ဆောင်ဖြစ်ခဲ့တာ” လို့ ဝေဖန်ပြောဆိုနေကြတာပါ။
ယူးအာအင်ဟာ Punch၊ Secret Affair၊ Six Flying Dragon စတဲ့ တီဗီစီးရီးတွေနဲ့ လူသိများခဲ့တာဖြစ်ပြီး Netflix ရှိုး Hellbound မှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ထားပါတယ်။