တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၁၀၀ ခန့်သေဟု NUG ထုတ်ပြန်

မတ် ၁ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၃၅ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ခင်ဦးမြို့နယ်မှာတော့ စစ်ကောင်စီ စစ်ကြောင်းကို PDF တို့ က မိုင်းဆွဲခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယင်းမာပင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ PDF တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဆားလင်းကြီးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး မုံရွာမြို့နယ်မှာတော့ စစ်ကောင်စီ သတင်းပေးသူလျှိုစခန်းကို PDF တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရ ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ KIA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ်၊ သထုံမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို KNLA ပူးပေါင်းအဖွဲ့ က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။