close

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဘီရာလီအာစကီ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်နဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အဲလက်စ် ဘီရာလီအာစကီကို ဆန္ဒပြပွဲတွေအတွက် ငွေကြေးထောက်ပံ့မှုအပါအဝင် တခြားပြစ်မှုတွေနဲ့တရားစွဲပြီး ဘီလာရုစ်နိုင်ငံ တရားရုံးက မတ် ၃ ရက်မှာ  ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ 

စွဲချက်တွေကို ငြင်းဆိုခဲ့တဲ့ ဘီရာလီအာစကီကို ထောင်ဒဏ် ၁၂ နှစ်အပြစ်ပေးဖို့ မင့်န်တရားရုံးကို အစိုးရရှေ့နေတွေက တောင်းဆိုခဲ့တဲ့အပြင် သူနဲ့တွဲဖက်တရားခံ ၃ ဦးကိုလည်း ငွေကြေး ထောက်ပံ့မှု၊ ငွေကြေးမှောင်ခိုလုပ်မှုတို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။ 

ဘီလာရုစ် နိုင်ငံပိုင် သတင်းအေဂျင်စီ Belta ကတော့ ဘီရာလီအာစကီအတွက် ထောင်ဒဏ် ၁၀ နှစ် အပါအဝင် ပြစ်မှုတွေကို အတည်ပြုခဲ့ပါတယ်။

ဘီရာလီအာစကီနဲ့ တခြားတက်ကြွလှုပ်ရှားသူတွေကို ဒီတရားခွင်မှာပဲ စီရင်ချက်ချခဲ့တာဟာ မတရားပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ကြောင်း ပြည်ပရောက် ဘီလာရုစ် အတိုက်အခံ ခေါင်းဆောင် ဗီရတ်လာနာ ဆီခါနိုစ်ခါယာက ပြောကြားလိုက်ပြီး ဒီစီရင်ချက်ကို "ထိတ်လန့်စရာ" ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဒီလို ရှက်စရာကောင်းတဲ့ မတရားမှုတွေကို တိုက်ဖျက်ပြီး သူတို့ကို လွတ်မြောက်အောင် ဆောင်ရွက်ပေးရမယ်လို့လည်း တွစ်တာမှာ ပြောထားပါတယ်။

အသက် ၆၀ အရွယ် ဘီရာလီအာစကီဟာ Viasna လူ့အခွင့်အရေးအဖွဲ့ကို ပူးတွဲ တည်ထောင်သူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်နွေရာသီမှာ စဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားခဲ့တဲ့ လပေါင်းများစွာကြာတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဖြိုခွင်းမှုအတွင်း ထောင်သွင်း အကျဉ်းချခံခဲ့ရတဲ့ ရာနဲ့ချီတဲ့ ဘီလာရုစ်ပြည်သူတွေထဲက ထင်ရှားသူ တယောက်ဖြစ်ပါတယ်။

Viasna အဖွဲ့ဟာ အကျဉ်းကျနေသူတွေကို တရားဥပဒေပိုင်းနဲ့ ငွေကြေးဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာ ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ 

Up