အင်ဒိုနီးရှားမြို့တော်တွင် လောင်စာဆီသိုလှောင်ရုံ မီးလောင်ပြီး လူ ၁၃ ဦးသေဆုံး

အင်ဒိုနီးရှားမြို့တော်၊ ဂျာကာတာရှိ၊ အင်ဒိုနီးရှားအမျိုးသားစွမ်းအင်ကုမ္ပဏီ Pertamina လောင်စာဆီသိုလှောင်ရုံမှာ မတ် ၃ ရက် ည ၈ နာရီက မီးလောင်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် လူ ၁၃ ယောက် သေဆုံးပါတယ်။
လောင်စာဆီသိုလှောင်ရေးဌာနရှိ လောင်စာပိုက်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးနားရှိ နေအိမ်တွေဆီ ခပ်မြန်မြန်ကူးစက်ခဲ့တာကြောင့် လူဦးရေထူထပ်တဲ့ ဧရိယာမှာ နေထိုင်သူတွေ ထိတ်လန့်ခဲ့ကြကာ သိုလှောင်ရုံအနီးမှာ နေထိုင်ကြသူတွေ အသက်လု ရှောင်ပြေးခဲ့ကြရပါတယ်။
မတ် ၄ ရက် စနေနေ့ မနက်အစောပိုင်းမှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဂျာကာတာ မြောက်ပိုင်း မီးသတ်အရာရှိတဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး လူရာပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကယ်ဆယ်ထားရသူအရေအတွက် ပိုများလာတယ်လို့ အနီးနားရှိ ဘေးလွတ်ရာရွှေ့ပြောင်းရေး စင်တာအကြီးအကဲ မိုဟာမက်ဖှိုင်ဇလ်တူဟူလီလီက ပြောကြားလိုက်ပြီး ကယ်ဆယ်ရေးစင်တာမှာ နေရာလွတ်တွေ ကျန်ရှိနေသေးကြောင်းနဲ့ ဒီည မိုးရွာချမှာကို စိုးရိမ်တဲ့အတွက် နောက်ထပ် ဒီကိုလာပြီး ခိုလှုံကြဖို့ ပြောနေရတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူအများစုဟာ မီးလောင်ဒဏ်ရာတွေ ခံစားနေရပြီး အစိုးရက သူတို့ဆေးကုသမှုအတွက် ကုန်ကျစရိတ်ပေးမှာဖြစ်ကြောင်း ဂျကာတာရဲ့ ယာယီအုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။
နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Pertamina က ဘေးလွတ်ရာ ရွှေ့ပြောင်းရေး ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီဟာ တခြားဂိတ်တွေကနေ လောင်စာဆီ ထောက်ပံ့မှုလမ်းကြောင်းကို ပြောင်းဖို့ စီစဉ်ထားတာကြောင့် ဂျကာတာ ဧရိယာအတွက် လောင်စာဆီ ထောက်ပံ့မှုဟာ လုံခြုံမှုရှိနေဆဲဖြစ်ကြောင်း ကုမ္ပဏီက ပြောပါတယ်။
Pertamina အမှုဆောင်အရာရှိချုပ် နစ်ကီဝီဒ်ယာဝတီက မီးလောင်ကျွမ်းမှုအတွက် တောင်းပန်စကားပြောကြားခဲ့ပြီး အလားတူ ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် ရှောင်ရှားကြဖို့ လုပ်ဆောင်သွားမယ်လို့ ကတိပြုပြောပါတယ်။