မြောက်ကိုရီးယားက ဟွာဆောင်-၁၇ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး ဟွာဆောင်-၁၇ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းကို မတ်လ ၁၇ ရက် ဒီကနေ့ နိုင်ငံပိုင်ရုပ်သံကနေ ထုတ်ပြန်ပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်နေမှုအပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုကို ပြသတဲ့အနေနဲ့ အခုလို လေ့ကျင့်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင် KRT ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းနဲ့ ဓာတ်ပုံတွေထဲမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ သမီးဖြစ်သူ အပါအဝင် ထိပ်တန်းအရာရှိကြီးတွေက ဒုံးကျည်ပစ်လွှတ်မှုကို စောင့်ကြည့်ခဲ့ကြတာပါ။ ဒုံးကျည်ပေါ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကတဆင့် အာကာသထဲက မြင်ကွင်းတွေကိုပါ အသေအချာ ပြသခဲ့တာဖြစ်ပါတယ်။
နျူးကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားအပေါ် တန်ပြန်နိုင်ရေး နည်းလမ်းတွေကို ဆွေးနွေးမယ့် ထိပ်သီးအစည်းအဝေးအတွက် တောင်ကိုရီးယားသမ္မတက တိုကျိုမြို့ဆီ မသွားရောက်ခင် နာရီပိုင်းအလိုမှာ ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်နိုင်ငံကြားက ပင်လယ်ပြင်ထဲကို မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့တာပါ။
တောင်ကိုရီးယားနဲ့ အမေရိကန်အကြား “Freedom Shield 23” လို့ အမည်ပေးထားတဲ့ ၁၁ ရက်တာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို မတ်လ ၁၃ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု မြင့်တက်လာတဲ့အပေါ် တုံ့ပြန်နိုင်ဖို့အတွက် ၂၀၁၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။