close

ရွှေကူမြို့နယ်၌ လေကြောင်းဗုံးကြဲမှုကြောင့် လူနေအိမ်များပျက်စီး၊ အိမ်မွေးတိရစ္ဆာန်များသေဆုံး

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသောင်၊ စီမူလေးနဲ့ မံဝိန်းရွာတွေကို မတ် ၂၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က လေယာဉ်နဲ့  ဗုံးကြဲခဲ့လို့  လူနေအိမ်တွေထိခိုက်ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂၃ ရက်က စစ်တပ်နဲ့  KIA ၊ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက်မှာ အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံအမျိုးသား တဦးက"ရွှေကူ အရှေ့ခြမ်းက ရွာတွေကို   ညနေ ၄ နာရီလောက် ဂျက်လေယာဉ် နှစ်စီးနဲ့ဗုံးလာ ကြဲတယ်။ တချို့တွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်။ လူကတော့ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ တိတိကျကျမသိသေးဘူး။ နေအိမ်အဆောက်အအုံတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက် သေဆုံးတာရှိတယ်"လို့ ဆိုပါတယ်။

စစ်တပ် ဗုံးကြဲတာကြောင့် စီသောင်ရွာက နေအိမ် ၃ လုံး ပျက်စီးကာ နွား ၅ ကောင် သေဆုံးခဲ့ရပြီး မံဝိန်းနဲ့ စီမူလေးရွာက ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး။ 

ရွှေကူမြို့နယ် နတ်လန်ကျေးရွာက နေအိမ် ၁ လုံးကို မတ် ၂၄ ရက်မှာ ခလရ-၇၇ က  မီးရှို့ခဲ့တယ်လို့ ရွှေကူတော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။

Up