close

အိန္ဒိယတွင် ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာသော်လည်း အထိတ်တလန့်မဖြစ်ရန် ဆရာဝန်များပြော

အိန္ဒိယနိုင်ငံမှာ မကြာသေးတဲ့ ရက်သတ္တပတ်တွေအတွင်း ကိုဗစ်နဲ့ တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခဲ့ပေမယ့် ဆေးရုံတက်ရမှုနှုန်း နည်းပါးနေဆဲဖြစ်တာကြောင့် အထိတ်တလန့်ဖြစ်ဖို့ မလိုအပ်ဘူးလို့ မတ် ၂၄ ရက်မှာ ဆရာဝန်တွေက ပြောကြားပါတယ်။ 

မတ် ၂၃ ရက် တစ်ရက်တည်းမှာတင် အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၁၃၀၀ အထိရှိခဲ့ပြီး ဒါဟာ ရက်ပေါင်း ၁၄၀ အတွင်း အမြင့်ဆုံးနှုန်းထားလည်းဖြစ်ပါတယ်။ 

ဒါကြောင့် ဖက်ဒရယ်အစိုးရက ကိုဗစ်ရောဂါအတွက် ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံတဝန်းက ဆေးရုံတွေမှာ ပုံစံတူလေ့ကျင့်ခန်းအသစ်တွေ လုပ်ဆောင်ကြရမယ်ဆိုပြီး ညွှန်ကြားခဲ့ပါတယ်။ 

အသက်ရှု လမ်းကြောင်းဆိုင်ရာဆရာဝန် ဒေါက်တာ ရန်းဒိ(ပ်) ဂူလေးရီးယားက“ဒီလို ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ဆေးရုံတက်ရတာတွေနဲ့ လူသေဆုံးတာတွေ တဟုန်ထိုး မြင့်တက်လာတာမျိုးတော့ မရှိသေးကြောင်းနဲ့ ကောင်းမွန်တဲ့ စောင့်ကြည့်ရေး အစီအစဉ်တွေနဲ့အတူ မှန်ကန်တဲ့ စီမံခန့်ခွဲမှုအပြင် ပြည်သူလူထုအနေနဲ့ကလည်း ကိုဗစ်ရောဂါနဲ့ သင့်လျော်မယ့် နေထိုင်မှုပုံစံတွေအတိုင်း လိုက်နာသင့်တယ်”လို့ ယူဆကြောင်း ပြောပါတယ်။

လက်ရှိအချိန်အထိ ကိုဗစ်ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွားနေတဲ့ ပြည်နယ် ၈ ခုထဲမှာ မဟာရက်ရှ်တရာ၊ ဂူဂျာရတ်၊ ကယ်ရာလာ၊ ကာနာတကာ၊ တမီးလ် နာဒူ၊ ဒေလီ၊ ဟီမာချယ် ပရာဒေ့ရှ်၊ ရာဂျက်ရှ်သန်တို့ ပါဝင်ပါတယ်။

Up