close

ရေနံတင်‌သင်္ဘောနစ်မြုပ်ပြီး ဆီယိုဖိတ်မှုကြောင့် ဖိလစ်ပိုင် ကမ်းရိုးတန်းကျေးရွာများ စီးပွားရေး ထိခိုက်

ရေနံတင်‌သင်္ဘောနစ်မြုပ်ပြီး လောင်စာဆီတွေ ယိုဖိတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ ကမ်းရိုးတန်းက ကျေးရွာတွေမှာ ရေလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေထိခိုက်ပြီး ဝင်ငွေ ပီဆိုသန်းပေါင်းများစွာ ဆုံးရှုံးနေတယ်လို့ စင်ကာပူအခြေစိုက် CNA သတင်းမှာဖော်ပြပါတယ်။

ရေနံတင်သ‌င်္ဘော Prince Empress ဟာ စက်ရုံသုံးလောင်စာဆီ လီတာ ၈ သိန်းကို သယ်ဆောင်လာတဲ့အချိန် မင်ဒိုရိုကျွန်းအရှေ့ဘက်နားမှာ အင်ဂျင်ချို့ယွင်းမှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက်က တိမ်းမှောက်ခဲ့တာပါ။

သင်္ဘာပေါ်ကနေ ဆီယိုဖိတ်မှုကြောင့် ကျွန်းပေါ်မှာရှိတဲ့ မြို့ ၉ မြို့က ငါးဖမ်းသမား ၁၉၀၀၀  လောက်ကို ငါးဖမ်းခွင့်ပိတ်ထားတယ်လို့ ဖိလစ်ပိုင်နိုင်ငံရဲ့ ငါးလုပ်ငန်းအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

ငါးဖမ်းခွင့်ပိတ်ပင်ထားလို့  ဖိလစ်ပိုင်ဟာ ပီဆို ၅ သန်း(ကန်ဒေါ်လာ ၉၁၉၁၆) လောက်  နေ့စဉ်ဆုံးရှုံးနေ ပြီး၊ ဖိလစ်ပိုင်ကမ်းရိုးတန်း ကျေးရွာတွေမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ အဆင်မပြေဖြစ်နေတယ်လို့ အေဂျင်စီက ဆိုပါတယ်။

ရေနံယိုဖိတ်မှု မတိုင်မီအနီးအနားက မြို့တွေမှာ ရှိတဲ့ တံငါသည်တွေဟာ အဆိုပါဒေသမှာရှိတဲ့ ငါးမျိုးစုံကနေ တစ်လကို အမြတ်ငွေ ပီဆို ၃၀၀၀၀ လောက် ရရှိကြတယ်လို့သိရပါတယ်။

ပိုလာမြို့ အခြေစိုက် ငါးဖမ်းသမား ဂါရိုနီမို ဂျော်ဒန်က "ဆီယိုဖိတ်မှုကြောင့် ဒီရွာက တံငါသည်တွေ စားဝတ်နေရေးဆုံးရှုံးတယ်။ ကျနော်တို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ပါ"လို့ ပြောပါတယ်။

တံငါမြို့ပိုလာရဲ့ ကမ်းခြေတွေကတော့ အဆိုးဆုံးအခြေအနေနဲ့ကြုံတွေ့ရပြီး၊ ကျွန်းရဲ့ မြောက်ဘက်မှာရှိတဲ့ ကမ္ဘာ့အဆင့်မီ ရေငုပ်တဲ့နေရာ ၃၇ ခုထက်မနည်းရှိတဲ့ အဓိက အချက်အချာနေရာဖြစ်တဲ့ ပွာတိုဂါလာရာကျွန်း အပါအဝင် ကျန်တဲ့နေရာတွေမှာလည်း ဆီဖိတ်စင်မှုကြောင့်ဆုံးရှုံးမှုတွေ ကြုံတွေနေရပါတယ်။

ရေနံယိုဖိတ်မှု သတင်းကြောင့်အမှန်တကယ် ရေငုပ်မယ့်နေရာကို ရေနံမရောက်ပေမဲ့ ကျွန်းရဲ့ရေငုပ်ခရီးသွားလုပ်ငန်းကိုတော့ ထိခိုက်နေတာဖြစ်ပါတယ်။

"တကယ်တော့ ဖျက်သိမ်းလိုက်ရတဲ့ အပန်းဖြေ စခန်းအချို့တောင်ရှိတယ်။ အဲ့ဒါက ပြည်တွင်း ခရီးသွားတွေမဟုတ်ဘူး နိုင်ငံတကာခရီးသွားတွေ မလာတော့ဝာာကြောင့်ပါ"လို့ ဒေသခံ ရေငုပ်လုပ်ငန်းဆိုင်နဲ့ ဟိုတယ်အသင်းဥက္ကဋ္ဌကပြောပါတယ်။

Source / photo-CNA

Up