မက္ကဆီကိုနယ်စပ်၌ ရွှေ့ပြောင်းနေထိုင်သူ ၄၀ သေဆုံးခဲ့ရမှုအတွက် တရားမျှတမှု တောင်းဆို

မက္ကဆီကိုနယ်စပ်မြို့ ဆီအူဒက်ဟွာရက်ဇ်မြောက်ပိုင်းရှိ ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရေးစခန်းမှာ မီးလောင်မှုအတွင်း အနည်းဆုံး ရွှေ့ပြောင်းနေထိုင်သူ ၄၀ ထက်မနည်း သေဆုံးခဲ့ရမှုအတွက် တရားမျှတမှုကို မတ်လ ၃၁ ရက်က ရွှေ့ပြောင်းနေထိုင်သူက တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဆီအူဒက်ဟွာရက်ဇ်ရဲ့ လမ်းမတွေတလျှောက် ဆိုင်းဘုတ်တွေနဲ့ ချီတက်ခဲ့ကြပြီး လူ့အခွင့်အရေးကို အာမခံတဲ့ ရွှေ့ပြောင်းအခြေချမှုမူဝါဒတွေကို အကောင်အထည်ဖော်ဖို့ မက္ကဆီကိုအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဆန္ဒပြပွဲအတွင်း သောကြာနေ့မွန်းလွဲပိုင်းက ဆီအူဒက်ဟွာရက်ဇ်မြို့ကို လာရောက်ခဲ့တဲ့ မက္ကဆီကိုသမ္မတ အန်ဒရေးစ်မာနွဲလ်လိုပက်ဇ်အိုဘရာဒေါကို တင်ဆောင်လာတဲ့ မော်တော်ယာဉ်ကို ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဒေါသတကြီး ကြားဖြတ်ဟန့်တားခဲ့ပါတယ်။
သမ္မတ ခရီးထွက်လာတဲ့ အဖြူရောင် ဗင်ကားရှေ့မှာ လူအုပ်စုတစ်စုက ရပ်နေပေမယ့် လိုပက်ဇ် အိုဘရာဒေါက သူတို့ပြောတာတွေကို နားမထောင်ခဲ့ပါဘူး။
အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတို့ဟာ ၂ နိုင်ငံနယ်စပ်မှာ စံချိန်တင် နယ်စပ်ဖြတ်ကျော်မှု အဆင့်ကို ရင်ဆိုင်ဖြေရှင်းဖို့ ရုန်းကန်နေရချိန်မှာ ဒီနှစ်တွေအတွင်း ရွှေ့ပြောင်းဒုက္ခသည်တွေ အသေအပျောက် အများဆုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။