close

နည်းပြ ဂရေဟမ်ပေါ်တာကို ချဲလ်ဆီးအသင်း ထုတ်ပယ်

ချဲလ်ဆီးအသင်းဟာ နည်းပြဂရေဟမ်ပေါ်တာကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။  စနေနေ့က ပွဲစဉ်မှာ အက်စ်တန်ဗီလာကို နှစ်ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ နည်းပြပေါ်တာနဲ့ ပတ်သက်ပြီး ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေက ဆွေးနွေးဆုံးဖြတ်ခဲ့တာပါ။ 

နည်းပြပေါ်တာဟာ အသင်းနဲ့ စုစုပေါင်း ၃၁ ပွဲမှာ ၁၂ ပွဲသာ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၁ နေရာအထိ ရောက်ရှိခဲ့ရတာပါ။ 

နည်းပြဂရေဟမ်ပေါ်တာအပေါ် အမြင့်မားဆုံးသော လေးစားမှုရှိသလို ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ သိက္ခာတရားရှိတဲ့ နည်းပြတစ်ဦးဖြစ်ပေမဲ့ ရလဒ်ပိုင်းအရ စိတ်ပျက်စရာဖြစ်ခဲ့လို့ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ချဲလ်ဆီးအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ လက်ကျန် ၁၀ ပွဲ ကစားဖို့ကျန်ရှိသလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်လည်းရှိ နေသေးကြောင်း၊ အဲဒီပြိုင်ပွဲနှစ်ရပ်မှာ အကောင်းဆုံးဖြစ်ဖို့ အတူတကွ ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း ချဲလ်ဆီးအသင်းက သတင်းထုတ်ပြန်ပါတယ်။ 

ပေါ်တာဟာ မနှစ်က စက်တင်ဘာလတုန်းက တူချယ်ရဲ့ နေရာကို အစားဝင်လာသူဖြစ်ပြီး ၇ လခန့်အကြာမှာပဲ နည်းပြရာထူးကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

Up