ထိုင်းရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းများ တင်သွင်း၊ နိုင်ငံရေးပါတီများ ပုံစံမျိုးစုံဖြင့် မဲဆွယ်

ထိုင်းနိုင်ငံမှာ လာမယ့် မေလ ၁၄ ရက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင် အရွေးခံမယ့် ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ စတင်တင်သွင်းနေကြပြီး အပြိုင်အဆိုင် မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဘန်ကောက်၊ ဒင်ဒဲန်းနယ်မြေ ဧရာဝဏ်ဖတ်ထနားလမ်းရှိ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီဧပြီ ၄ ရက်မှ ၇ ရက်အထိ နေ့စဉ် မနက် ၈ နာရီခွဲကနေ ညနေ ၆ နာရီထိ လက်ခံနေတာဖြစ်ပါတယ်။
ဘန်ကောက်ခရိုင်မှာ မဲဆန္ဒနယ်မြေပေါင်း ၃၃ ခုရှိပြီး ပါတီပေါင်း ၁၅ ပါတီက ကိုယ်စား လှယ်လောင်းပေါင်း ၄၄၀ ဦး ပါဝင်အရွေးခံမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင် ဧပြီ ၃ ရက် ကတည်းက မဲဆန္ဒနယ်မြေသတ်မှတ်ခြင်း၊ ပါတီနဲ့ ကိုယ်စား လှယ်လျှောက်ထားမှုဆိုင်ရာစည်းကမ်းချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာစည်းကမ်းချက်တွေ၊ ပါတီ ကိုယ်ပိုင်နံပါတ်ရယူခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါနေရာကို သက်ဆိုင်ရာပါတီခေါင်းဆောင်နဲ့ အရွေးချယ်ခံကိုယ်စားလှယ်လောင်းတွေက အသီး သီးရောက်ရှိလာကြပြီး ရွေးကောက်ပွဲ မဲဆွယ်ကမ်ပိန်းတွေပါ စတင်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးပရာယုဒ်ကျန်အိုးချား ( ၆၈ နှစ် ) ဟာလည်း သူဘက်ပြောင်းခဲ့တဲ့ ရူမ့်ထိုင်းဆန့်ချတ်ပါတီ United Thai Nation Party ကနေ ဝန်ကြီးချုပ်အဖြစ် ထပ်မံအရွေးခံဖို့ ရောက်ရှိလာပါတယ်။
ရွေးကောက်ပွဲမှာ သူတို့ပါတီအနေနဲ့ လွှတ်တော်နေရာ ဘယ်နှနေရာရမလဲဆိုတာ မဲဆန္ဒရှင်တွေပေါ်မှာ မူတည်တာမို့ ပြောလို့မရသေးသလို ဘယ်ပါတီနဲ့ပူးပေါင်းမလဲဆိုတာလည်း ပြောလို့မရသေးကြောင်း၊ အဓိကမှာ ပဋိပက္ခမဖြစ်စေဖို့ ကိုယ့်ဖာကိုယ်အသီးသီး ဝိုင်းဝန်းတာဝန်ယူကြဖို့ သတင်းထောက်တွေကို ပရယုဒ်က ပြောပါတယ်။
ဒုဝန်ကြီးချုပ်ဟောင်း ပရဝစ်ဝုန်းဆုဝမ်း (၇၇ နှစ်)ကလည်း ဖရန်းပချားရတ် Palang Pracharath Party ကနေ ဝန်ကြီးချုပ်နေရာမှာ ဝင်ပြိုင်မှာဖြစ်ပါတယ်။ သူတို့ပါတီအနေနဲ့ ဘန်ကောက် နယ်မြေ ၁၂ ခုမှာ အနိုင်ရဖို့ရည်မှန်းကြောင်း၊ လူတွေမှာ မတူတဲ့အမြင်၊ မတူတဲ့သဘောထားတွေရှိကြတယ်၊ အယူဝါဒကွဲပြားကြပေမယ့် မိမိတိုင်းပြည်အတွက် စည်းလုံးညီညွတ်စွာဆောင်ရွက်ဖို့လိုတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
လူငယ်တွေကြား ရေပန်းစားတဲ့ ကောက်ကလိုင်ပါတီ Move Forward Party ခေါင်းဆောင် ထိမ်း ဖိထား လိမ့်ကျရွန်းရတ် (၄၂ နှစ်) ကတော့ သူတို့ပါတီအနေနဲ့ ဘန်ကောက် မဲဆန္ဒနယ်မြေ ၃၃ နေရာလုံး ဝင်ပြိုင်မှာဖြစ်ပြီး ဘန်ကောက်ပြည်သူတွေက သူတို့ကိုရွေးချယ်မယ်လို့ ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲဆိုတာ တိုင်းပြည်ပြုပြင်ပြောင်းလဲဖို့ အခွင့်အလမ်းရှိတဲ့နေရာဖြစ်ပြီး သူတို့ပါတီအနေနဲ့ အခြေခံဥပဒေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံတွေ ပြုပြင်ပြောင်းလဲမှာဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်ပေါ်မူမတည်ဘဲ မူဝါဒပေါ်မှာမူတည်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဖွေ့ထိုင်းပါတီကနေ ခွဲထွက်ပြီး ထိုင်းဆန့်ထိုင်း Thai Snag Thai ပါတီထူထောင်လိုက်တဲ့ ခွန်ယိင်းဆူဒါရတ် ကေယုလားဖန်းကတော့ သူတို့ပါတီရဲ့ အရည်အချင်းနဲ့လုပ်ဆောင်ချက်ကို အားလုံးအသိဖြစ်ကြောင်း၊ ဘယ်လိုအခြေအနေရောက်ရောက် အာဏာရှင်ပါတီနဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဖွေ့ထိုင်း Phue Thai Party ပါတီခေါင်းဆောင်လည်းဖြစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ဖဲထောင်းထန်းရှင်နာဝပ် (၃၆ နှစ်) ဟာလည်း ကိုယ်ဝန်အရင့်အမာနဲ့ရောက်ရှိလာပြီး ကိုယ်စားလှယ်လောင်းတွေကို လာရောက်အားပေးတာ ဖြစ်ကြောင်း ၊ သူတို့ပါတီလည်း ဘန်ကောက်နယ်မြေ ၃၃ ခုလုံး ဝင်ပြိုင်မှာဖြစ်ပြီး အနိုင်ရဖို့ ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က ပါတီနဲ့ ကိုယ်စားလှယ်လောင်းကိုယ်ပိုင်နံပါတ်တွေ ချပေးရာမှာ ဒီထက်ပိုရှင်းလင်းစွာလုပ်သင့်ပြီး မဲဆန္ဒရှင်တွေအနေနဲ့ မိမိနှစ်သက်တဲ့ ပါတီနဲ့ကိုယ်စား လှယ် နံပါတ်တွေ၊ မဲထည့်ပုံထည့်နည်းတွေသေချာလေ့လာရမယ်လို့ ပြောပါတယ်။
ဘန်ကောက်မှာ မဲဆွယ်စည်းရုံးရေးတွေ စတင်နေသလို ချင်းမိုင်၊ ခွန်ကဲန်၊ ချိုင်းယဖုမ်း၊ နခွန်းဆီထမရတ်စတဲ့ တခြားခရိုင်တွေမှာလည်း ခရိုင်တွင်းရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည် တင်သွင်းရင်း ပြည်သူတွေစိတ်ဝင်စားမယ့် အသွင်ဆန်းတွေနဲ့ ရောက်လာတာလည်း ရှိပါတယ်။
အထူးခြားဆုံးမှာ ထိုင်းအရှေ့မြောက်ပိုင်း အိဆန်ဒေသ ခွန်ကဲန်ခရိုင်မှာဆိုရင် ဖရန်းပချားရတ်ပါတီ ကိုယ်စားလှယ်လောင်း နိုင်းဗန်းညား ဆရီဗန်းညားက တောကြီးမြွေဟောက်ကို လည်ပင်းမှာပတ်ပြီး ကခြေသည်တွေနဲ့ ရောက်ရှိလာပါတယ်။ သူ့အနေနဲ့ ရဲစွမ်းသတ္တိပြတဲ့အနေနဲ့ ခုလိုလုပ်လာတာလို့ ဆိုပေမဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က လက်မခံတာကြောင့် မြွေနဲ့ကခြေသည်တွေကို အပြင်မှာထားခဲ့ရပါတယ်။
ချိုင်းယဖုမ်းခရိုင်မှာတော့ ရူမ့်ထိုင်းဆန့်ချတ်ပါတီကိုယ်စားလှယ်လောင်း နိုင်းဆိုချို့ ဆုနွန်းတာ့ခ် ကတော့ ကျွဲဖြူကိုစီးပြီး ဘင်ဂျိုတီးကာ ကျေးလက်ဆန်ဆန် ရွေးကောက်ပွဲကော်မရှင်ရုံးကို ရောက်လာပါတယ်။ ဒါပေမဲ့ ရုံးရှေ့မှာ လူတွေအများကြီးရုတ်ရုတ်သဲသဲဖြစ်နေတာမြင်လို့ အဆိုပါကျွဲက လန့်ဖြတ်ရုန်းကန်တာကြောင့် ကိုယ်စားလှယ်လောင်းလည်း ကျွဲပေါ်က ဆင်းခဲ့ရပါတယ်။
လာမယ့် ထိုင်းရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ ပြည်သူ ၅၂ သန်းကျော်က လွှတ်တော်အမတ်နေရာ ၅၀၀ အတွက် ဆန္ဒမဲပေးကြမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ မဲအများစုနဲ့ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ဖို့က အနည်းဆုံး လွှတ်တော်အမတ်နေရာ ၂၅၁ နေရာမှာ အနိုင်ရဖို့ လိုအပ်တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီပေါင်း ၁၉ ပါတီရှိပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ဆက်နွှယ်တဲ့ ဖွေ့ထိုင်း (ရှပ်နီ)ပါတီ၊ ထိုင်းနိုင်ငံရေးသက်တမ်းအရင့်ဆုံးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ၊ လူငယ်တွေကြား ရေပန်းစားတဲ့ Move Forward ပါတီ၊ စစ်တပ်ဘက်က ခေါင်းဆောင်တွေ အများဆုံးပါတဲ့ လက်ရှိအာဏာ ဖလန်းပချားရတ်ပါတီ၊ ဝန်ကြီးချုပ်ပရာယုဒ်ကျန်အိုးချားရဲ့ United Thai Nation Party လုမ့်ထိုင်းဆန့်ချတ်ပါတီ၊ ကျန်းမာရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ် အနုထင်းချန်းဝီရကွန်း ဦးဆောင်တဲ့ ဖုမ်းကျိုင်ထိုင်းပါတီတွေက လူသိများထင်ရှားပါတယ်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှု တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအကြို လူထု စစ်တမ်း (NIDA) အရ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အငယ်ဆုံးသမီး ဖဲထောင်းထန်းရှင်နာဝပ်ဟာ ဝန်ကြီးချုပ် ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားနေပြီး ၂၀၁၄ ခုနှစ်မှာ ဖွေ့ထိုင်းအစိုးရကို အာဏာသိမ်းလိုက်ပြီးကတည်းက အာဏာရယူခဲ့တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လူကြိုက်များမှု တတိယနေရာမှာရှိနေပါတယ်။
ကိုးကား- Thai Post
Photo-Khaosod