close

ကျင်စန်းကျော့လမ်းတွင် ယာဉ်မတော်တဆဖြစ်ပြီး ၆ ဦး သေဆုံး

မူဆယ် ၁၀၅ မိုင်နဲ့ ကျင်စန်းကျော့လမ်းမှာ စကျင်ကျောက်တွေတင်လာတဲ့ ကုန်ကား ဘရိတ်ပေါက်ပြီး အိမ်စီးကားနဲ့ ချိတ်မိကာ ချောက်ထဲပြုတ်ကျလို့ လူ ၆ ဦးသေဆုံးသွားတယ်လို့ မူဆယ်ခရိုင်မီးသတ်ဦးစီးဌာနနဲ့ ကုန်တင်ကားသမားတွေဆီက သိရပါတယ်။

ဧပြီ ၁၆ ရက် မနက် ၁၁ နာရီခွဲလောက်က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်ဘက် တင်ပို့မယ့် စကျင်ကျောက်တင်ဆောင်လာတဲ့ ၂၂ ဘီးတွဲကား ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောက  နစ်ဆန်းအိမ်စီးကားလေးပေါ်ပိမိကာ ချောက်ထဲချိတ်ပါသွားတာ ဖြစ်ပါတယ်။

အိမ်စီးကားပေါ်ပါလာတဲ့  မိန်းကလေး ၅ ယောက်၊ ယောက်ျားလေး ၁ ယောက် အားလုံးပေါင်း  ၆ ယောက်သေဆုံးသွားကာ တွဲကားသမားကတော့ ခြေထောက် နှစ်ဖက်ဒဏ်ရာ အနည်းငယ်ရတယ်လို့  မူဆယ်ခရိုင် မီးသတ်ရုံးတာဝန်ရှိသူတဦးက ပြောပါတယ်။

"ကားလေးက မူဆယ်ဘက်ကိုအလာ၊ တွဲကားက ကျင်စန်းကျော့ဘက်ကိုအသွား။ ကားကြီးက အဆင်းကို ဘရိတ်ပေါက်လာလို့ စီယာတိုင်ရော ကျသွားတယ်။ သူက မှေးပြီးတော့ပဲ ဆင်းနေတာပေါ့။ အဲဒါကားလေးတွေကို မကျော်ဖို့ပေါ့ လက်ပြတာကိုမှ ကားလေးက ကျော်လာတယ်လို့ပြောတယ်။ ကျန်တဲ့ သူ့ရှေ့က ကားတွေကတော့ ရပ်ပေးထားတယ်လို့ ပြောတယ်။ ကျော်လာတဲ့ အခါကျတော့ တွဲကားက အလယ်ကျသွားတာပေါ့။ အလယ်ကျတော့ သူပါ တွဲပါသွားတာပေါ့ ချောက်ထဲကို" လို့ မီးသတ်ရုံးတာဝန်ရှိသူက ထပ်မံ ရှင်းပြပါတယ်။ 

ဆယ်ခရိုင်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်တွေနဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်း ကယ်ဆယ်ခဲ့ပြီး သေဆုံးသူတွေကို မူဆယ်မြို့ရှိ မြင့်မြတ်ပါရမီပရဟိတအသင်း၊  ပါရမီပရဟိတအသင်း၊ မောက်ကွမ်တိုင်းပရဟိတအသင်းနဲ့ လက်ဘက်ညွန့်ပရဟိတအသင်းတိုက လူနာတင်ယာဉ်တွေနဲ့ မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ 

Photo Crd# မူဆယ်ခရိုင် မီးသတ်

Up