တရုတ်တွင် ဆေးရုံမီးလောင်ပြီး ၂၉ ဦး သေဆုံး

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ချန်းင်ဖန်းင်ဆေးရုံ မီးလောင်မှုကြောင့် ဧပြီ ၁၉ ရက်မှာ သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒါဟာ အနည်းဆုံး နှစ်ပေါင်း ၂၀ အတွင်း တရုတ်မြို့တော်ရဲ့ အသေအပျောက်အများဆုံး ဖြစ်ရပ်တွေထဲက တခုဖြစ်ပါတယ်။
သေဆုံးသူ ၂၉ ဦးထဲမှာ ၃ ဦးကလွဲလို့ ကျန်သူတွေဟာ လူနာတွေဖြစ်ကြောင်း၊ နာရီဝက်အတွင်း မီးငြိမ်းသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကနဦး စစ်ဆေးမှုတွေအရ ပြုပြင်မွမ်းမံနေဆဲ လူနာဆောင်တဆောင်မှာ မီးလောင်လွယ်တဲ့ ဆေးသုတ်ပစ္စည်းကြောင့် မီးလောင်မှုဖြစ်ပွားရပြီး အပြင်းအထန် ဖျားနာသူတွေအတွက် လူနာဆောင်ကို ထိခိုက်သွားရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး WeChat မှာ ဝေဖန်ထားတဲ့ ပို့စ်အများအပြားကို ဆင်ဆာဖြတ်ခြင်း သို့မဟုတ် ဖျက်ပစ်ခဲ့ကြောင်း ရိုက်တာက စစ်ဆေးပြသထားပါတယ်။
ဒီနေ့အစောပိုင်းမှာ ဒဏ်ရာရသူ ၃၉ ဦးဟာ ဆေးရုံမှာ ကုသမှု ခံယူနေရဆဲဖြစ်ပြီး ၃ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိကြောင်းနဲ့ ၁၈ ဦးက ဒဏ်ရာပြင်းထန်ကြောင်း တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။