ဂျပန်ပင်လယ်ပြင်အနီး ရုရှားဗုံးကြဲလေယာဉ် ၈ စင်း ပျံသန်း

ရုရှား တာဝေးပစ် ဗုံးကြဲလေယာဉ် ၈ စင်းဟာ အော့ခ် ဟော့ထ်စ်ခ် ပင်လယ်နဲ့ ဂျပန်ပင်လယ်ရှိ ကြားပိုင်နက်ရေပြင်တွေပေါ်မှာ ပျံသန်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်မှာ ပြောပါတယ်။
အဲဒီလေယာဉ်ဟာ ရုရှား-ပစိဖိတ် ရေယာဉ်စုရဲ့ တပ်ဖွဲ့တွေကို လေကြောင်းထောက်ပံ့မှု ပေးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ကော်ဗက်ထ် အသေးစားစစ်သင်္ဘောတစီးနဲ့ ပိုသေးငယ်တဲ့ ရေငုပ်သင်္ဘောဖျက် ရေယာဉ်တွေ အပါအဝင် ပစိဖိတ် ရေတပ်တာဝန် တပ်ဖွဲ့ဟာ ဧပြီ ၁၈ ရက်က ဂျပန်ပင်လယ်ပြင်မှာ ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဌာနက အစောပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၁၄ ရက်နေ့က စတင်ကာ ၂၂ ရက်နေ့အထိ ကြာမြင့်မယ့် လေ့ကျင့်ရေးအမျိုးအစားတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ သမ္မတ ဗလာဒီမာ ပူတင် အမိန့်ပေးခဲ့တဲ့ ပစိဖိတ်ဒေသရှိ ရုရှားတပ်ဖွဲ့တွေရဲ့ လျှပ်တပြက် ပြန်လှန်လေ့ကျင့်မှု တစိတ်တပိုင်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးအနီးရှိ အငြင်းပွားကျွန်းတွေအနီးမှာ ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် တိုကျိုက ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ဟိရိုကာဇု မတ်ဆုနိုက ဧပြီ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ဧပြီ ၁၈ ရက်မှ ၂၂ ရက်အထိ အငြင်းပွားကျွန်းတွေအနီးမှာ ဒုံးကျည်လေ့ကျင့်မှုတွေကို ပြုလုပ်မှာဖြစ်ကြောင်း တိုကျိုကို အသိပေးထားတယ်လို့လည်း မတ်ဆုနိုက ပြောပါတယ်။