အီရန်တွင် ရေနံချက်စက်ရုံ မီးလောင်

အီရန်နိုင်ငံရဲ့ မြို့တော် တီဟီရန်ရဲ့တောင်ပိုင်းက ရေနံချက်စက်ရုံမှာ ဇွန် ၂ ရက်က အကြီးအကျယ် မီးလောင်ခဲ့တယ်လို့ အီရန် အစိုးရ မီဒီယာက ထုတ်လွှင့်ခဲ့ပြီး သေဆုံး ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။
ရေနံချက်စက်ရုံက လုပ်ငန်းအားလုံး ရပ်ဆိုင်းထားလိုက်ပြီး မီးသတ်သမားတွေက မီးတောက်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်လို့ အီရန်ရဲ့ တက်စ်နင်မ် သတင်းဌာနက ပြောပါတယ်။
ရေနံချက် ကုမ္ပဏီအကြီးအကဲ ရှာခါ ခါဖှိုင်အီကတော့ ရှို့မီးဖြစ်နိုင်ခြေကို ပယ်ချထားတယ်လို့ အစိုးရရုပ်သံက ပြောပါတယ်။
အီရန်ရဲ့ အကြီးဆုံး ရေတပ်သင်္ဘော မီးလောင်လို့ အိုမန်ပင်လယ်ကွေ့ထဲမှာ နစ်မြုပ်အပြီး နာရီ နည်းနည်းအကြာမှာ ရေနံချက်စက်ရုံ မီးလောင်ခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြ ထားပါတယ်။