အင်္ဂလန်အသင်း သရေကျပြီး ဆွီဒင်နိုင်ပွဲရ

ဇွန်လ ၁၈ ရက်ညက ကန်သွားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယ ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းကသရေကျပြီး ဆွီဒင်ကတော့ နိုင်ပွဲရသွားပါတယ်။
အုပ်စု (D) ပွဲစဉ်အဖြစ် ဝင်ဘာလေကွင်းမှာ ကစားခဲ့ကြတဲ့ အင်္ဂလန်နဲ့ စကော့တလန်ပွဲစဉ်မှာ အင်္ဂလန်က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဂိုးကန်သွင်းခွင့် ၉ ကြိမ်လောက်ရခဲ့ပြီး စကော့တလန်ကလည်း ကန်သွင်းခွင့် ၁၁ ကြိမ်လောက်ရခဲ့ပေမဲ့ နှစ်သင်းစလုံး ဂိုးဝင်အောင် မသွင်းနိုင်ခဲ့တဲ့လို့ ဂိုးမရှိ သရေကျခဲ့တာပါ။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ စကော့တလန် လူငယ်ကစားသမား ဂယ်လ်မော်က ရရှိသွားပါတယ်။
အုပ်စု (D) နောက်ထပ်ပွဲစဉ်တပွဲဖြစ်တဲ့ ခရိုအေးရှားနဲ့ ချက်တို့ ပွဲစဉ်တော့ တဖက် ၁ ဂိုးစီသရေကျသွားပါတယ်။ ဒီပွဲ ပထမပိုင်း ၃၇ မိနစ်မှာ ပက်သရစ်ရှစ်ခ်က ပင်နယ်တီကတဆင့် ချက်အသင်းအတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ခရိုအေးရှားအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၇ မိနစ်မှာ ပါရီဆစ်က သွင်းပေးခဲ့ပါတယ်။
ဒီအုပ်စုက အသင်းအားလုံး နှစ်ပွဲစီကစားအပြီးမှာ ချက်အသင်းက အုပ်စုထိပ်ဆုံးမှာရှိနေပြီး အင်္ဂလန်က အုပ်စုဒုတိယနေရာ၊ ခရိုအေးရှားက အုပ်စု တတိယနေရာနဲ့ စကော့တလန်ကတော့ အုပ်စုနောက်ဆုံးမှာ ရှိနေပါတယ်။
အုပ်စု (E) က ဆွီဒင်နဲ့ စလိုဗားကီးယား အသင်းတို့ပွဲစဉ်မှာ ဆွီဒင်က ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
ဇွန်လ ၁၉ ရက်မှာတော့ အုပ်စု (E) က စပိန်နဲ့ ပိုလန် အုပ်စု (F) က ဟန်ဂေရီနဲ့ ပြင်သစ်၊ ပေါ်တူဂီနဲ့ ဂျာမနီ အသင်းတွေ ယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။
Photo Credit- Euro2020