close

တောမီးကြောင့် ကနေဒါနိုင်ငံ Lytton မြို့က ဒေသခံများကို အရေးပေါ်နေရာပြောင်း

ကနေဒါနိုင်ငံ အနောက်ပိုင်းမှာ စံချိန်ကျိုးအောင် အပူချိန်မြင့်တက်မှုကြောင့် ဇွန် ၃၀ ရက်ကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် ဗြိတိသျှ-ကိုလံဘီယာအလယ်ပိုင်းရှိ Lytton မြို့က ဒေသခံတွေကို အာဏာပိုင်တွေက မြို့ကနေ အတင်းအကျပ် ထွက်ခွာစေပြီး အရေးပေါ် နေရာပြောင်းရွှေ့ခိုင်းရပါတယ်။ 

စံချိန်တင်မြင့်မားတဲ့ အပူချိန်တွေကြားမှာ ကနေဒါအနောက်ပိုင်းနဲ့ အမေရိကန် အနောက်မြောက်ပိုင်းဒေသတွေကို ပျက်စီးစေမယ့် ပြင်းထန်လွန်းတဲ့ အပူလှိုင်းကနေ ရာသီဥတု ဆိုးရွားမှုနဲ့ တောမီး အန္တရာယ်တွေအတွက် အာဏာပိုင်တွေ ကြိုတင်ပြင်ဆင်ထားရပါတယ်။

 ဒီတပတ်  Lytton မြို့ဟာ ကနေဒါနိုင်ငံရဲ့ အပူချိန်အမြင့်ဆုံးစံချိန်ကို ၃ ဆ တက်တာ ကြောင့် Lytton မြို့တော်ဝန် Jan Polderman က မြို့လူထု ၂၅၀ ကို မြို့ကနေ အမြန်ထွက်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။ 

မီးက တမြို့လုံးကို ဆိုးဆိုးရွားရွား လောင်နေတာဖြစ်ပြီး မီးခိုးငွေ့လေးကနေ ၁၅ မိနစ်အတွင်းကို ရုတ်တရက် အကုန်လောင်ကျွမ်းတာ လို့ မြို့တော်ဝန် Polderman က CBC သတင်းဌာနကို ပြောပါတယ်။ 

Lytton မြောက်ဘက်ရှိ တခြား အိမ်ခြံမြေ ၈၇ ခုမှာ နေထိုင်သူတွေကိုလည်း ထွက်ခွာဖို့ အမိန့်ပေးခဲ့ပါတယ်။ 

တစ်နာရီကို ၇၁ ကီလိုမီတာ (၄၄ မိုင်) အထိ စံချိန်တင်တိုက်ခတ်တဲ့ လေပြင်းကြောင့် မီးလောင်ရာလေပင့် ဖြစ်ခဲ့ရပြီး တောမီးဟာ မြို့ရဲ့နေရာအတော်များများကို ဖျက်ဆီးခဲ့ပါတယ်။

 မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဗြိတိသျှ-ကိုလံဘီယာ ၀န်ကြီးချုပ် John Horgan က သတင်းထောက်တွေကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဗြိတိသျှ-ကိုလံဘီယာမှာ မီးလောင်မှုအသစ် ၆၂ ခုဖြစ်ပွားကြောင်း အစီရင်ခံထားတယ်လို့ Horgan က ပြောပါတယ်။ 

တချို့နေထိုင်သူတွေဟာ စာရင်းမှတ်တမ်း မရှိကြောင်းနဲ့ Lytton မြို့က နေအိမ်နဲ့ အဆောက်အအုံ အတော်များများ ဆုံးရှုံးခဲ့ရတယ်လို့ ဗြိတိသျှ-ကိုလံဘီယာမှ တာဝန်ရှိသူတွေက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up