ရိုမေးနီးယားရှိ ရေနံစိမ်း သန့်စင်စက်ရုံ ပေါက်ကွဲ

ရိုမေးနီးယားနိုင်ငံရဲ့ အကြီးမားဆုံး ရေနံစိမ်းသန့်စင်စက်ရုံဖြစ်တဲ့ ပင်လယ်နက်ရှိ Petromidia စက်ရုံဟာ ဇွန် ၂ ရက်အစောပိုင်းက ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် လူသုံးဦး ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေနဲ့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
Navodari ကမ်းခြေ အပန်းဖြေစခန်းရဲ့ အနီးအနားရှိ ကမ်းခြေကနေ မျက်မြင်သက်သေ တစ်ဦး ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာ KMG International Group စွမ်းအင်ကုမ္ပဏီရဲ့ တစိတ်တပိုင်းဖြစ်တဲ့ Rompetrol Rafinare ကနေ ပိုင်ဆိုင်တဲ့ စက်ရုံအနီးအနားက နေရာမှာ မီးခိုးမည်းတွေ တက်နေတာပါ။
မီးသတ်သမားတွေက မီးငြှိမ်းသတ်နေတဲ့အတွက် ပေါက်ကွဲမှုတွေ ထပ်ဖြစ်နိုင်တဲ့အန္တရာယ် လျော့နည်းသွားပြီလို့ အရေးပေါ်အခြေအနေဦးစီးဌာန အကြီးအကဲ Raed Arafat က ပြောပါတယ်။
ဒီအဖြစ်အပျက်မှာ ဘေးဒဏ်သင့်သူ ၄ ယောက်ရှိပြီး ၁ ယောက်က ပျောက်ဆုံးနေတယ်။ တယောက်က မီးလောင်ဒဏ်ရာ အပြင်းအထန်ရထားပြီး ကျန် ၂ ယောက်ကတော့ သိပ်မဆိုးတဲ့ မီးလောင်ဒဏ်ရာတွေ ရထားတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ ဒီဇယ်ဆီ သန့်စင်စက်ရုံမှာ ဖြစ်ပွားခဲ့ပြီး ပြည်တွင်းအကျပ်အတည်း စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများအရ သန့်စင်စက်ရုံအတွင်းရှိ နည်းပညာလုပ်ငန်းစဉ်တွေဟာ ဘေးကင်း လုံခြုံစွာ ရပ်တန့်သွားတယ်လို့ Rompetrol Rafinare က ပြောကြားပါတယ်။