close

ဒီပဲယင်းမြို့နယ် ကျည်ရွာတွင် စစ်ကောင်စီအကြမ်းဖက်တပ်များ စခန်းချနေ၊ ပြည်သူများ ထွက်ပြေး

အာဏာသိမ်းစစ်ကောင်စီရဲ့လက်နက်ကိုင်အဖွဲ့တိုက်ခိုက်လို့ ထွက်ပြေးသွားတဲ့ ဒီပဲယင်းမြို့နယ်က ကျေးရွာသားတွေ ပုန်းခိုတဲ့ တောထဲကို စစ်ကောင်စီတပ်တွေက လိုက်လံရှင်းလင်းပြီး ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့ကိုပြန်ဖို့ ကျည်ရွာမှာ စခန်းချကာ အရှင်ဖမ်းထားတဲ့သူတွေကိုလည်း တွေ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်က ကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့တပ်က တပ်မ ၄၄ လက်အောက်ခံတပ်တွေဖြစ်ပြီး ပြည်သူ ၃၀ နီးပါးကို လက်နက်ကြီးတွေသုံးပြီး သတ်ဖြတ်ခဲ့တာပါ။ 

ဒဏ်ရာရနေတဲ့သူတွေကိုလည်း ကုသမပေးဘဲ အနီးကပ်သတ်ဖြတ်မှုတွေရှိခဲ့သလို သူတို့တပ်ချထားတဲ့  ကျွန်းတောလေးရွာ ဘုန်းကြီးကျောင်းထဲက ဒဏ်ရာရတဲ့သူတွေကို သွားတောင်းတဲ့ ရွာသားနှစ်ယောက်ကိုလည်း သေနတ်နဲ့ပစ်သတ်ပြီး ဘုန်းကြီးကျောင်းအပြင်ကို ထုတ်ထားခဲ့ပါတယ်။ 

ဆပ်ပြာကျင်းရွာက ၅ ယောက်၊ ဘုတ်ရွာက ၂ ယောက်၊ အင်ပင်ကြီးရွာက ၁ ယောက် ၊ မကျည်းစောက်ရွာက ၂ ယောက် ၊နဘဲလှရွာက ၁ ယောက်၊ စက်ခေါင်းရွာ ၁ ယောက်၊ သရက်သန်ကျေးရွာအရှေ့က ၁ ယောက် အနောက်ရွာက ၂ ယောက် ၊ လျော်ဖြူရွာက ၂ ယောက်၊ အင်ဘုတ်ရွာက ၁ ယောက်၊ အုန်းတစ်ပင်က ၁ ယောက်သေဆုံးခဲ့ပြီး ရေဦးနယ် ပလူဇဝရွာက ပြည်သူတစ်ယောက်လည်း ဆိုင်ကယ်စီးနေစဉ် ပစ်သတ်ခံခဲ့ရတယ်လို့ သေဆုံးစာရင်းပြုစုနေတဲ့ ကျေးရွာသားတွေဆီကသိရပါတယ်။ 

ဒီစာရင်းတွေက လက်ရှိရသလောက် ကောက်ထားတာဖြစ်ပြီး ထိခိုက်သေဆုံးမှု အတိအကျ စာရင်း မသိရသေးပါဘူး။ အဲဒီကျေးရွာတွေအားလုံးမှာ ပြည်သူ ၁၀၀၀၀ ကျော်နေထိုင်ပြီး တောထဲကိုထွက်ပြေးသွားတဲ့သူက ၆၀၀၀ ကျော်နီးပါးရှိနေသလို တစ်ချို့ရွာတွေက ရွာလုံးကျွတ် ထွက်ပြေးသွားကြပြီလို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေက အဲဒီရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိတယ်ဆိုတဲ့ ဒလန်ရဲ့ သတင်းအမှားပေးမှုကြောင့် နယ်မြေရှင်းလင်းဖို့လာကြတာဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကျည်ရွာမှာ လူပြန်စုနေပြီလို့ ဒလန်က သတင်းပေးတဲ့အတွက် စစ်ကောင်စီတပ်တွေ ကျည်ရွာမှာ စခန်းချထားတာဖြစ်ပါတယ်။

ကျည်ရွာက ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးသွားကြပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up