မန္တလေးတွင် ဆရာတော် ၂ ပါး အပါအဝင် ကိုဗစ်လူနာနှင့် သံသယရှိသူ ၂၂ ဦး သေဆုံး



မန္တလေးမြို့မှာ ဇူလိုင် ၉ ရက်က ဆရာတော်နှစ်ပါး အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံမှ သိရပါတယ်။
မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာ ၁၂ ဦး၊ အလုပ်သမားဆေးရုံမှာ ၁ ဦး၊ ကန်တော်ကြီးသံဃာဆေးရုံမှာ ၁ ဦး၊ ရပ်ကွက်တွေထဲမှာ ကိုဗစ်ရောဂါ သံသယနဲ့ သေဆုံးသူ ၃ ဦးတို့ကို ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အေးရိငြိမ်ဘာသာပေါင်းစုံ သုသာန်သို့ ကူညီပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
ဒါ့အပြင် အရိုးဆေးရုံမှ ၁ ဦး၊ ကန်တော်နဒီဆေးရုံမှ ၃ ဦး၊ ရပ်ကွက်တွေထဲက ကိုဗစ်ရောဂါသံသယနဲ့ သေဆုံးသူ ၁ ဦးတို့ကိုလည်း ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့က အေးရိပ်ငြိမ်ဘာသာပေါင်းစုံ သုသာန်သို့ ကူညီပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
မန္တလေးမြို့မှာ ဇူလိုင် ၈ ရက်က ကိုဗစ်-၁၉ နဲ့ သေဆုံးသူ ၂၄ ဦးရှိပြီး ဇူလိုင် ၇ ရက်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၄ ဦးရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးသူအရေအတွက်ဟာ မြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အချက်အလက်တွေသာဖြစ်ပြီး စာရင်းမသိရှိရဘဲ ကိုဗစ်ကြောင့် သေဆုံးသူတွေလည်း ရှိနိုင်ပါတယ်။
သေဆုံးသူအများစုက အောက်ဆီဂျင် မလုံလောက်တဲ့အတွက် အသက်ရှူရပ်ပြီး သေဆုံးနေတာ ဖြစ်ပါတယ်။ ရပ်ကွက်အတွင်း အပြင်ဆေးခန်းပြပြီး ကြိတ်ကုနေတာကြတဲ့ လူနာတွေ၊ အိမ်မှာပဲ ကုသမှုခံယူနေရတဲ့ လူနာတွေနဲ့ ကိုဗစ်ရောဂါ သံသယနဲ့ သေဆုံးသူတွေလည်း များစွာ ရှိနေပါတယ်။
Photo - ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့