close

အသတ်ခံခဲ့ရသည့် ဆွစ်ဇာလန်အမျိုးသမီးမိသားစုအား နစ်နာကြေး ထိုင်းဘတ် ၁ သန်းပေးမည်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ကျွန်းမှာ  အသတ်ခံခဲ့ရတဲ့ ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာ လှည့်ခရီးသည်အမျိုးသမီးရဲ့ မိသားစုကို နစ်နာကြေးငွေ ထိုင်းဘတ် ၁ သန်းပေးသွားမယ်လို့ သိရပါတယ်။

ဒီငွေကိုတော့ နိုင်ငံခြားခရီးသွားများကူညီစောင့်ရှောက်ရေးရန်ပုံငွေထဲကနေ ပေး အပ်သွားမယ်လို့ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ချုပ်ထ် ထရာချူက ပြောပါတယ်။

အဆိုပါ ကမ္ဘာလှည့်ခရီးသည်အမျိုးသမီး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဩဂုတ် ၇  ရက်က အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသား ၁ ဦးကို ဖမ်းဆီးထားခဲ့ပြီး စစ်ဆေးမေးမြန်းရာမှာ ပြစ်မှုကျူးလွန်မိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ 

သေဆုံးသူ ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးကတော့ အသက် ၅၇ နှစ်ရွယ်ရှိ ဆွစ် ဇာလန်နိုင်ငံသူ သံတမန်ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူဟာ ဖူးခက်ဒေသခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး Phuket Sandbox အစီအစဉ်နဲ့ ထိုင်းနိုင်ငံကို ဇူလိုင်လက အလည် အပတ်ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

သူမဟာ တည်းခိုရိပ်သာကနေ ဩဂုတ် ၃ ရက်က အိတ်တလုံးနဲ့ထွက်ခွာသွားပြီး ပျောက်ဆုံးနေကာ ဩဂုတ် ၅ ရက်ကမှ သူမအလောင်းကို ရေတံခွန်နားက စမ်းချောင်းမှာ ရွာသား ၁ ဦးက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ချုပ်ထ်ဟာ ဆွစ်ဇာလန်သံအမတ် ဟယ်လင်း ဘတ်ဒ်လိုက်ဂါ အာတီးဒါနဲ့ တွေ့ဆုံခဲ့ပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေကို ပေးအပ်မယ့် လျော်ကြေးငွေနဲ့ပတ်သက်ပြီး အ ကြောင်းကြားခဲ့ကာ ရုပ်အလောင်းကို နေရပ်နိုင်ငံဆီ ပြန်ယူလိုရင်လည်း မိသားစု၀င်တွေအတွက် ၀န်ကြီးဌာနက ကူညီပေးမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

လတ်တလောမှာတော့ ဖူးခက်ကျွန်းရဲ့ လုံခြုံရေးကို တိုးမြှင့်ထားဖို့ တာဝန်ရှိသူတွေက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်းဟာ ကိုဗစ်ကပ်ရောဂါကာလ မတိုင်ခင်ကတည်းက ထိုင်းနိုင်ငံ စီးပွားရေးရဲ့ ငါးပုံတစ်ပုံကို ရှာဖွေပေးနေတာမို့ ခုလိုဖြစ်ရတဲ့အပေါ် ထိခိုက်မှုတွေ ရှိလာမှာကိုလည်း စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up