၂ ပွဲဆက် ရှုံးနိမ့်မှုနှင့် ခြေစွမ်းဆိုးရွားနေသော်လည်း အရှုံးမပေးဟု အာဆင်နယ် နည်းပြပြော

ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက်ရှုံးနိမ့်မှုနဲ့အတူ ခြေစွမ်းဆိုးရွားနေပေမယ့် လက်မြှောက်အရှုံး ပေးသွားမှာမဟုတ်ဘူးလို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သလို မနေ့ညက ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲမှာလည်း ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ အသင်းရဲ့ ခြေစွမ်းကျဆင်းနေပြီး ဝေဖန်မှုတွေရှိနေပေမယ့် အရှုံးပေးသွားမှာမဟုတ်ကြောင်း နည်းပြအာတီတာက ချဲလ်ဆီးနဲ့ပွဲအပြီးမှာ ပြောပါတယ်။
“ဒီအခြေအနေက အမှန်တကယ်ခက်ခဲပြီး ဘာမှခန့်မှန်းလို့လည်း မရနိုင်ပါဘူး။ ကူညီမှု မလုပ်နိုင်ခဲ့လို့ ကိုယ့်ဘာသာကိုလည်း စိတ်ပျက်ဝမ်းနည်းရပါတယ်။ ဒီလိုအချိန်မှာစိန်ခေါ်မှုတွေ၊ ဝေဖန်မှုတွေတော့ တွေ့ကြုံရမှာပါပဲ။ အာဆင်နယ်မှာ ပွဲတိုင်းအနိုင်ရဖို့လိုပြီး စုစည်းညီညွတ်မှုကိုလည်း ဆက်ထိန်းထားနိုင်ရပါမယ်။ ပြီးတော့ အသင်းစိတ်ဓာတ်ကိုပြသပြီး ဘယ်တော့မှ အရှုံးမပေးဘဲ ရှေ့ဆက်သွားရပါမယ်။ ကြားရက်ပွဲစဉ်မှာ အနိုင်ရဖို့ လိုအပ် ပါတယ်။ ဒါက မန်စီးတီးနဲ့ပွဲစဉ် ၃ အတွက် အကူအညီပေးပါလိမ့်မယ်။”
ဆက်လက်ပြီး ပရိသတ်တွေနဲ့ ကစားသမားတွေအကြားမှာ ပြဿနာတစ်စုံတရာမရှိကြောင်းနဲ့ ချဲလ်ဆီးနဲ့ပွဲမှာ အဆုံးထိတိုင် ပရိသတ်တွေ အော်ဟစ်အားပေးခဲ့ကြတယ်လို့ နည်းပြအာတီတာက ပြောပါတယ်။