ချေပဂိုးရပြီးနောက်မှာ အနိုင်ပိုင်းသင့်ဟု ဂရင်းဝုဒ် ပြော

ဆောက်သမ်တန်နဲ့ပွဲမှာ ချေပဂိုးသွင်းပြီးနောက်ပိုင်းမှာ အနိုင်ပိုင်းလိုက်သင့်ကြောင်း လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်က ပြောပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်နဲ့ အဝေးကွင်းပွဲစဉ်မှာ ၁ ဂိုး စီသရေသာ ကစားနိုင်ခဲ့ပြီး ချေပဂိုးတစ်ဂိုးကိုတော့ ပွဲချိန် ၅၅ မိနစ်မှာ ဂရင်းဝုဒ်က သွင်းယူပေးခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ ယူနိုက်တက်အသင်းအနေနဲ့ ပွဲကို အနိုင်ရလဒ်နဲ့ အပြီးသတ်အောင် လုပ်ဆောင်သင့်ခဲ့ပေမဲ့ ဖြစ်မလာခဲ့တဲ့အပေါ် စိတ်ပျက်ခဲ့ရတယ်လို့ ပွဲအပြီးမှာ ဂရင်းဝုဒ်က ပြောပါတယ်။
“ပွဲက ခက်ခဲခဲ့ပါတယ်။ ဆောက်သမ်တန်က ကောင်းမွန်စွာ ခုခံတားဆီးနိုင်ခဲ့ပေမဲ့ ကျနော့် အမြင်ကတော့ ရမှတ်၂ မှတ်ဆုံးရူံးခဲ့ရတာပါ။ ချေပဂိုးရအပြီးမှာ ပွဲကို အနိုင်ပိုင်းလိုက်သင့်တာပါ။ အဆုံးမှာတော့ မလုပ်နိုင်ခဲ့ဘူး။ ပေါ့ဘာက ထူးချွန်တဲ့ ကစားသမားကောင်းတစ်ဦးပါ။ အသင်းမှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရတာက ကောင်းပါတယ်” လို့ ဂရင်းဝုဒ်က ပွဲ အပြီးမှာ ပြောခဲ့တာပါ။
မန်ယူအသင်းဟာ ဆောက်သမ်တန်ကို အနိုင်မရခဲ့ပေမဲ့ အဝေးကွင်းမှာ ပွဲဆက်တိုက်ရှုံးပွဲ မရှိမှတ်တမ်းရရှိခဲ့ပြီး ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ အာဆင်နယ်အသင်း မှတ်တမ်းတင်ခဲ့တဲ့ စံချိန်ကို လိုက်မီခဲ့ပါတယ်။