တောင်အမေရိက ကစားသမားများအတွက် အဖြေရှာရန် စပါးနည်းပြ ဆန်းတို့စ် တိုက်တွန်း

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အင်္ဂလန်ကို ပြန်ရောက်လာမယ့် တောင်အမေရိက ကစားသမားတွေအတွက် အဖြေတစ်ခု ရှာပေးဖို့ စပါးနည်းပြ နူနိုဆန်းတို့စ်က တောင်းဆိုလိုက်ပါတယ်။
ပရီးမီးယားလိဂ် ကစားသမားတွေဟာ ဒီနေ့ကစတင်ပြီး နိုင်ငံတကာပွဲစဉ်တွေ ကစားဖို့ မိခင်နိုင်ငံ့လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းသွားရမှာဖြစ်ပါတယ်။
ယူကေရဲ့ ကိုဗစ် စည်းမျဉ်းတွေအရ အနီရောင်ဆင့်သတ်မှတ်ထားတဲ့ နိုင်ငံတွေက လူတွေအနေနဲ့ ယူကေကို ဝင်ရောက်လာမယ်ဆိုရင် ၁ဝ ရက် သီးသန့်နေထိုင်ဖို့ စည်းကမ်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
စပါးအသင်းက ကွင်းလယ်လူ လိုဆယ်ဆိုနဲ့ နောက်ခံလူ ရိုမဲရိုးတို့ဟာ အာဂျင်တီးနားအတွက် ကစားပေးရမှာဖြစ်ပြီး နိုင်ငံတကာပွဲတွေကအပြန်မှာ ၁ဝ ရက် သီးသန့်နေထိုင်ရမယ်ဆိုရင် စပါးအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံပွဲစဉ်တွေအပြီးမှာ အရန်သင့် အသုံးပြုခွင့်ရဖို့အတွက် တာဝန်ရှိသူတွေဘက်က အဖြေတစ်ခုရှာ သင့်ပြီး စပါးအသင်းအတွက်သာမက တခြားသောအသင်းတွေက တောင်အမေရိက ကစားသမားတွေအတွက်လည်းဖြစ်တယ်လို့ ဆန်းတို့စ်က တိုက်တွန်းခဲ့တာပါ။
မန်ယူအသင်းရဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကတော့ လက်ရွေးစင်နဲ့ မပူးပေါင်းဖို့ သဘောတူညီချက်ရထားပါတယ်။ ဒါပေမဲ့ အက်စ်တန်ဗီလာအသင်းက အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်နဲ့ ဘွန်ဒီယာတို့ကိုတော့ စေလွှတ်ပေး သွားမယ်လို့သိရပါတယ်။
ယူကေက သတ်မှတ်ထားတဲ့ အနီရောင်အဆင့်နိုင်ငံတွေမှာ အာဂျင်တီးနားနဲ့ ဘရာဇီးအပြင် အီဂျစ်နိုင်ငံလည်းပါဝင်နေပါတယ်။