ဟောင်ကောင်အရေး အမေရိကန် စွက်ဖက်မှုမှတ်တမ်း တရုတ်ထုတ်ဖော်ပြသ

ဟောင်ကောင်အရေးနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုအပေါ် တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက အချက်အလက် စာရွက်တစ်ခုကို သောကြာနေ့က ထုတ်ပြခဲ့ပါတယ်။
တရုတ်ရဲ့ပြည်တွင်းရေး အထူးသဖြင့် ဟောင်ကောင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ တမင်သက်သက်ကို ၀င်ရောက်စွက်ဖက်နေတာလို့ အမေရိကန်ကို စွပ်စွဲလိုက်ပြီး တရုတ်ဆန့်ကျင်ရေးနဲ့ မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့ အင်အားစုတွေကို ထောက်ခံကူညီနေတာ လို့ဆိုပါတယ်။
ဒီစာရွက်စာတမ်းမှာ လတ်တလောနှစ်တွေအတွင်း တရုတ်အစိုးရရဲ့ မူဝါဒတွေကို ရှုတ်ချပြီး ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအပေါ် တရုတ်ရဲ့အချုပ်အခြာအာဏာကို ထိပါးတဲ့ အမေရိကန်အစိုးရရဲ့ အပြုအမူတွေကို စီးရီးစ်စဉ်လိုက် နံပါတ်စဉ်ထိုး ဖော်ပြထားတာပါ။
ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသအပေါ် တရုတ်ရဲ့မူဝါဒတွေကို အဟန့်အတားဖြစ်စေဖို့ ပိတ်ဆို့မှုချမှတ်ခြင်းနဲ့ ဟောင်ကောင်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ပြဋ္ဌာန်းခြင်း အပါအ၀င် ဟောင်ကောင်ရဲ့တည်ငြိမ်မှုကိုပျက်ပြားစေအောင် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖန်တီးတယ်လို့လည်း ဆိုပါတယ်။
ဟောင်ကောင်မှာ တရားဥပဒေချိုးဖောက်သူတွေရဲ့လုပ်ရပ်တွေကို မှန်ကန်ကြောင်းသက်သေ ပြဖို့နဲ့ လူထုကိုလှည့်ဖြားဖို့ အမေရိကန်ဟာ နိုင်ငံရေး မဟုတ်မမှန်သတင်းတွေ ဖြန့်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
နိုင်ငံတော်ကောင်စီရဲ့ဟောင်ကောင်နဲ့မကာအိုရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဒါဟာ တရုတ်အစိုးရရဲ့ ဟောင်ကောင်အုပ်ချုပ်မှုနဲ့ တရုတ်အရာရှိတွေကို အရေးယူပိတ်ဆို့မှုတွေကို ထပ်တလဲလဲ ကျူးလွန်နေတဲ့ အမေရိကန်ကို ခိုင်မာတဲ့ တန်ပြန်တိုက်ခိုက်မှု လို့ ခေါ်ဆိုလိုက်ပြီး ဒီအချက်အလက်စာရွက် ဖြန့်ချိမှုအတွက် အခိုင်အမာ ထောက်ခံတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ကော်မရှင်နာရုံး ပြောခွင့်သူကလည်း ဒီစာရင်းဟာ ဟောင်ကောင်အရေးနဲ့ တရုတ်ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တဲ့ အမေရိကန်ရဲ့ ရာဇ၀တ်မှု မှတ်တမ်းတစ်ခုဖြစ်ပြီး ဟောင်ကောင်မှာ ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်အငြင်းပွားမှုမှစပြီး ဟောင်ကောင်ရဲ့ သာယာဝပြောရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေခဲ့တဲ့စာရင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ပြင်ပအင်အားစုတွေနဲ့ ဟောင်ကောင်ရှိ တရုတ်ဆန့်ကျင်ရေးနဲ့ မတည်ငြိမ်အောင် လုပ်နေတဲ့ အင်အားစုတွေအတွက် ပြင်းထန်တဲ့သတိပေးချက်တစ်ခုဖြစ်တယ်လို့လည်း ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားပါတယ်။