close

မော်လမြိုင်တွင် စစ်ကောင်စီက CCTV များ ယခုလကုန်အပြီး တပ်ဆင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီက   CCTV တပ်ဆင်မှု စီမံကိန်းလုပ်ငန်းတွေ ဒီလကုန်မှာအပြီး လုပ်ဆောင်နေပြီး ဒီစီမံကိန်းပြီးသွားပါက အများပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို စတင်စောင့်ကြည့်နိုင်တော့မှာဖြစ်လို့ ဒေသခံပြည်သူတွေကြားမှာ စိုးရိမ်နေပါတယ်။ 

မော်လမြိုင်မြို့မှာ Safe City လို့ခေါ်တဲ့ ဒီစီမံကိန်းဟာ အန်အယ်လ်ဒီ အစိုးရလက်ထက်တုန်းက ဘတ်ဂျက်ထည့်သွင်းရေးဆွဲခဲ့တာဖြစ်ပြီး  စစ်ကောင်စီလက်ထက်မှာတော့ အမြန်ဆုံး ပြီးစီးအောင်အကောင်အထည် ဖော်နေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး လုံခြုံရေးအကြောင်းပြပြီး အများပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို CCTV ကနေ စောင့်ကြည့်ဖို့ ရည်ရွယ်ထားတာပါ။ စီမံကိန်း ပြီးစီးသွားပါက စစ်ကောင်စီက သံသယရှိတဲ့ ပြည်သူတွေကို အလွယ်တကူ ဖမ်းဆီးနိုင်တဲ့အတွက်ကြောင့် ပြည်သူအတွက် လုံခြုံမှု မရှိဘူးလို့ ဒေသခံပြည်သူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ Safe City စီမံကိန်းနဲ့ ပတ်သက်ပြီး CCTV ထိန်းချုပ်ရေး စင်တာ တည်ဆောက်တာ၊ ဖိုင်ဘာကေဘယ်ဆွဲတာ လုပ်ငန်းစဉ်တွေ ပြီးစီးသွားပြီး ဖြစ်သလို စောင့်ကြည့်ကင်မရာတွေကို အခုလအတွင်း အပြီးတပ်ဆင်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

မော်လမြိုင်က Safe City စီမံကိန်းရဲ့ CCTV ထိန်းချုပ်ရေး စင်တာကိုတော့ မွန်ပြည်နယ် အစိုးရရုံးအတွင်း တည်ဆောက်ထားတာ ဖြစ်ပြီး အခုအခါမှာတော့ ထိန်းချုပ်ရေး စင်တာမှာ စက်ပစ္စည်းတွေ စတင်တပ်ဆင်နေပြီလို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက တပ်ဆင်မယ့် CCTV ကင်မရာတွေဟာ ကားနံပါတ်ပြားတွေကို ခြေရာခံနိုင်သလို ပြစ်မှုကျူးလွန်ဖူးသူရဲ့ ရာဇဝတ်မှု နောက်ခံအကြောင်းအရာတွေကိုပါ တိုက်ဆိုင် ကြည့်ရှုစစ်ဆေးနိုင်ပြီး ထိန်းချုပ်ရေး စင်တာကနေ အများပြည်သူရဲ့ လှုပ်ရှားသွားလာမှုကို ၃၆၀ ဒီဂရီကနေ လှည်လည့်ကြည့်ရှုနိုင်တဲ့ ကင်မရာတွေ ပါဝင်ပါတယ်။

မော်လမြိုင်မြို့က CCTV တပ်ဆင်နေတဲ့ စီမံကိန်းကိုတော့ စစ်တပ်နဲ့ နီးစပ်တဲ့ နောင်ရိုးကုမ္ပဏီနဲ့ FISCA ကုမ္ပဏီတို့က တင်ဒါအောင်မြင်ထားပြီး လုပ်ငန်း အမြန်ဆုံးပြီးစီးအောင် အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်မြို့ခံ ပြောက်ကျားတပ်ဖွဲ့တွေကတော့  နေအိမ်တွေမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကို ဖြုတ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up