ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုပွဲ ပရိသတ်မပါဘဲ ကျင်းပမည်

ဘာစီလိုနာအသင်းနဲ့ ဘိုင်ယန်မြူနစ်အသင်း တွေ့ကြမယ့် လာမယ့်အပတ် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်ကို ပရိသတ်မပါဘဲ ကျင်းပသွားမယ်လို့ ကလပ်အသင်းတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
ဘောလုံးပွဲကျင်းပမယ့် ဂျာမနီနိုင်ငံရဲ့ ဘာဗာရီရာပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှု ပြန့်ပွားနေတာကြောင့် ပရိသတ်မပါဘဲ ကျင်းပရတာလို့ ဆိုပါတယ်။
စပိန်အသင်းဖြစ်တဲ့ ဘာကာအသင်းဟာ အုပ်စု E မှာ ဒုတိယနေရာမှာ ရှိနေပြီး၊ ဒီဇင်ဘာ ၈ ရက်နေ့ကျရင် ဂျာမန်အသင်း ဘိုင်ယန်မြူးနစ်နဲ့ မြူနစ်မြို့မှာရှိတဲ့ Allianz Arena ဘောလုံးကွင်းမှာ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့ကျရင် မန်ချက်စတာစီးတီးအသင်းနဲ့ RB Leipzig တို့ ပွဲစဉ်ကိုလည်း ပရိသတ်မပါဘဲ ကျင်းပဖို့ ရှိပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှု စတုတ္ထလှိုင်းကို စိုးရိမ်နေရတာကြောင် ဂျာမန်အစိုးရဟာ ကြာသာပတေးနေ့ကစပြီး အားကစားပွဲတွေနဲ့ဆိုင်တဲ့ စည်းကမ်းတွေကို ပြန်လည် တင်းကျပ်လိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဂျာမနီမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ တရက်တည်းမှာ ကိုဗစ်-၁၉ လူနာအသစ် ၇၃,၀၀၀ အသစ် တွေ့ရှိခဲ့ရပြီး ၃၈၈ ယောက် သေဆုံးခဲ့ပါတယ်။