အသက်ကယ်သူကို မိုင်ထောင်ချီခရီးနှင်ပြီး ရှာတွေ့ခဲ့သည့် ကိုရီးယားစစ်ပြန် တရုတ်စစ်မှုထမ်း ဟောင်းကြီး

၁၉၅၀ မှ ၁၉၅၃ အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲမှ စစ်ပြန်စစ်မှုထမ်းဟောင်း ဟီဘွာချောင် (He Bochao) ဟာ စစ်ပွဲအတွင်း သူ့အသက်ကိုကယ်ခဲ့တဲ့ ကပ္ပတိန်ဟောင်းကိုတွေဖို့ မိုင်ထောင်ချီခရီးထွက်ခဲ့တဲ့ သတင်းဟာ တရုတ်ဆိုရှယ်မီဒီယာတွေပေါ်မှာ ချက်ချင်းပျံ့နှံသွားပါတယ်။
သူစီးတဲ့ လေယာဉ်ပေါ်မှာပါတဲ့ ခရီးသည်အားလုံးနဲ့ လေယာဉ်ဝန်ထမ်းတွေကို သူက အလေးပြုပြီး၊ ခရီးသည်တွေကလည်း လက်ခုပ်တီး ဂုဏ်ပြုကြပါတယ်။
ကိုရီးယားစစ်ပွဲမှာ ဘွာချောင်ရဲ့လက် သေနတ်မှန်ခဲ့ပြီးနောက် မရွှေ့ရှားနိုင်ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲကြားမှာ သူ့အသက်ကို သူ့ရဲ့ကပ္ပတိန် ဂေါင်ဝမ်ကုန် (Gao Wangong ) က စွန့်စွန့်စားစား ကယ်ထုတ်ခဲ့ပါတယ်။ ကပ္ပတိန်ဂေါင်နဲ့ ဘွာချောင်တို့ မတွေ့ဆုံတာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီး၊ ဘွာချောင်ဟာ သူ့အသက်ကယ်ခဲ့တဲ့ ဆရာကို တွေ့ဆုံဖို့ အမြဲရှာဖွေနေခဲ့ပါတယ်။
တနေ့မှာတော့ ဘွာချောင်ရဲ့မိသားစုက အင်တာနက်ပေါ်ကနေ ကပ္ပတိန်ဂေါင်ရဲ့သတင်းကို တွေ့သွားပါတယ်။ စစ်ပြန်ကြီး ဘွာချောင်ဟာ အခုအခါ အသက် ၉၄ နှစ်ရှိပေမဲ့၊ ဘယ်လိုဖြစ်ဖြစ် သူ့ဆရာကို တွေ့မယ်လို့ ဆုံးဖြတ်ပြီး ခရီးထွက်လာတာ ဖြစ်ပါတယ်။
ဘွာချောင်က “ကျနော့်အသက်ကယ်ခဲ့တဲ့ ကပ္ပတိန်ဆရာကို ကျေးဇူးဆပ်ဖို့ ဘယ်နည်းနဲ့မဆို ကျနော်ရှာမယ်” လို့ ပြောပါတယ်။
နောက်ဆုံးတော့ စစ်ပြန်ကြီးနှစ်ယောက်ဟာ ကပ္ပတိန်ဟောင်း ဂေါင်ရဲ့နေအိမ်မှာ ပြန်ဆုံကြရင်း ကြောက်မက်ဖွယ် စစ်ပွဲအကြောင်း၊ ဒဏ်ရာအကြောင်း၊ အသက်ကယ်ထုတ်ခဲ့ပုံအကြောင်းတွေ အမှတ်တရ ပြောကြပါတယ်။
ကပ္ပတိန်ဟောင်းကြီးဂေါင်ကတော့ “အမေရိကန်စစ်တပ်က တောင်ကိုရီးယားဘက်က တိုက်တယ်၊ သူတို့ တရုတ်စစ်တပ်က မြောက်ကိုရီးယားဘက်ကနေ တိုက်တယ်။ ဘွာချောင်က တိုက်ပွဲမှာ ရန်သူ ၂၀ လောက်ကို သတ်နိုင်ခဲ့တယ်။ သေနတ်မှန်သွားလို့ ဆက်မတိုက်ဖို့ ပြောပေမဲ့ သူက နားမထောင်ဘူး” ပြောပါတယ်။
ဟီဘွာချောင်ဟာ သူ့ဆရာကို နှစ် ၇၀ ကြာမှ ပြန်တွေ့ရပြီးနောက် ကျေးဇူးဆပ်ရင်း စိတ်လှုပ်ရှားလွန်းလို့ ကဗျာတပုဒ်ရေးသားခဲ့ပါတယ်။