စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြို့နယ်အချို့မှာ စစ်ကောင်စီတပ်တွေ ဒီဇင် ၁၅ နဲ့ ၁၆ ရက်နေ့တွေ တိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း ချောင်းဦး-ရေစကြို လမ်းပိုင်းပေါ်မှာ စစ်ကောင်စီ ကားနှစ်စီးကို မိုင်း ၁၀ လုံးဆွဲ တိုက်ခိုက်ခဲ့တာ ကြောင့် တပ်သား ၇ ဦးသေဆုံးပြီး ၆ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ် PDF အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ခွေးဘီလူးကား ၁ စီးပျက်နေတာကြောင့် စစ်ကား တစ်စီးက ကူညီဆွဲယူနေစဉ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ည ၁၁ နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မျက်မြင်တွေ့သူတစ်ဦးက “ခွေးဘီလူးကားပျက်တာကို စစ်ကားတစ်စီးက ကူဆွဲပြီးမောင်းအလာမှာ မီးပွိုင့်နားအရောက်မှာ ပေါက်ကွဲမှုဖြစ်တာပါ။ ကားပေါ်က စစ်သားတွေ တစစီလွှင့်စင်ထွက်သွား တယ်။ အလောင်းတွေကို ဖောကားတစ်စီးနဲ့လာပြီးတော့ ကောက်တင်သွားတယ်၊ စက်ပျက်နေတဲ့ ကားကတော့ ကျန်ရစ်ခဲ့တယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့၊ ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ 27 Revolution Forces တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကင်းလမ်းခွဲအထွက် မြောင်ဘောလုံးကွင်းမြောက်ဘက်မှာလည်း ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲလောက်က လက်နက်ကိုင်စစ်ကောင်စီ ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုလဲ- ဂန့်ဂေါ လမ်းပိုင်းမှာလည်း လက်နက်ကိုင် စစ်ကောင်စီယာဉ်တန်းကို မိုင်း ၃၆ လုံး ဖောက်ခွဲတိုက်ခိုက်ရာမှာ စစ်ကား ၅ စီး ပျက်စီးပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးနိုင်တယ်လို့ Pale Joker အဖွဲ့က ထုတ်ပြန်ပါတယ်။
ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာနဲ့ ကန့်ဒေါင့်ကျေးရွာကြားမှာ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်ကလည်း Pale Jokers အဖွဲ့နဲ့ ပုလဲ ပကခ အထူးပြောက်ကျား ဖောက်ခွဲရေးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသေအပျောက် စာရင်းအတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၁၆ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဒီမနက် ၈ နာရီလောက် ကလေးဝ ဘက် အထွက်မှာတိုက်ခိုက်လိုက်တာပါ။ PDF နဲ့ ပကဖ ပူးပေါင်းစစ်ဆင်ရေးလုပ်လိုက်တာပါ။ စစ်ကောင်စီဘက် ၅ ယောက်သေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မင်းကင်းတောင်တွင်းဒေသ ခင်ဦးကျေးရွာတွေမှာ လူနေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်း ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦး ကွမ်းယာ ထွက်ဝယ်ချိန် ဒီဇင်ဘာ ၁၆ ရက်နေ့ မနက် ၁၁ နာရီလောက် ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရဲသားတစ်ဦးပစ်သတ်ခံရပြီးနောက် အမြင့်ရဲစခန်းကနေ ရမ်းသမ်းပြန်လည်ပစ်ခတ်တာကြောင့် အပြစ်မဲ့အရပ်သား လူငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်ဒေသခံတစ်ဦးက “အဲဒီတစ်အချိန်တည်းမှာပဲ သူတို့ဘက်က ရမ်းပစ်လို့ ကျနော်တို့ အပြစ်မဲ့ လက်ဖက်ရည်သောက်နေတဲ့ အသက်၁၈နှစ်အရွယ် လူငယ်လေးတစ်ယောက် ကျည်ထိမှန်သွားတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အရပ်သားလူငယ်ဟာ အသက် ၁၈ နှစ်အရွယ်သာရှိပြီး ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး အမြင့်ရဲခန်းကို DVB ဆက်သွယ်မေးမြန်းချက်ပေမယ့် ဖုန်းဆက်သွယ်လို့ မရရှိသေးပါဘူး။