ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီး ရေကြီးရေလျှံ

ဖိလစ်ပိုင်အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဒီဇင်ဘာ ၁၆ ရက်က လေပြင်းတိုက်ခတ်၊ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်း “ရိုင်” ပြင်းအားအဆင့် ၅ မုန်တိုင်းအဖြစ်ကို လျင်လျင်မြန်မြန်နဲ့ ပိုမိုအားကောင်းလာတာကြောင့် လူတွေအစုလိုက်အပြုံလိုက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ကတ်ဘာဘာရန်မြို့မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ သစ်ပင်တွေ လှုပ်ယမ်း ယိမ်းခါပြီး မြို့ကိုတိုက်ခတ်နေတဲ့ လေပြင်းတွေ၊ ဖြတ်သန်းစီးဆင်းလာတဲ့ ရေစီးတွေကို မြင်နေရပါတယ်။
ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်သူ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး တချို့နေရာတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ရေကြီးမှု သတင်းတွေ ရရှိထားကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီက ပြောကြားခဲ့ပါတယ်။
မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့နေရာ အတော်များများမှာ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးနှံမှု စတင်မယ့် နေ့ရက် အချိန်ကိုလည်း ရွှေ့ဆိုင်းထားရပါတယ်။