ကိုလံဘီယာနိုင်ငံ၌ တရားမဝင် လက်နက်ကိုင်အုပ်စုတွေကြား တိုက်ပွဲဖြစ်ပြီး လူ ၁၆ ဦးခန့် သေဆုံး

ကိုလံဘီယာနိုင်ငံ အာရောင်ကာပြည်နယ်မှာ တရားမဝင် လက်နက်ကိုင်အုပ်စုတွေကြား တိုက်ပွဲဖြစ်လို့ လူ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး မိသားစု ၁၂ စုကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့ အွန်းဘတ်စ်မန်က ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။
သီတင်းပတ်ကုန်ရက်က ဗင်နီဇွဲလားနိုင်ငံနဲ့ နယ်စပ်နားမှာရှိတဲ့ အာရောင်ကာပြည်နယ်ထဲမှာ အမျိုးသားလွတ်မြောက်ရေးတပ် ELN နဲ့ ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မခံတဲ့ ကိုလံဘီယာ တော်လှန်ရေးအစောင့်တပ် FARC သူပုန် ခွဲထွက်တပ်ဖွဲ့ တွေကြား တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
မူးယစ်ကုန်ကူးမှုလို တရားမဝင် စီးပွားရေးတွေကို ထိန်းချုပ်ဖို့ တိုက်ခဲ့ကြတာလို့ ကိုလံဘီယာ စစ်တပ်က တနင်္ဂနွေနှောင်းပိုင်းမှာ ကြေညာချက် ထုတ်ခဲ့ကြပါတယ်။
အာရောင်ကာပြည်နယ်ထဲက အခြေအနေကို အကဲဖြတ်ဖို့နဲ့ လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ ကိုလံဘီယာ သမ္မတ အီဗန်ဒူကေးက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ခေါင်းဆောင်တွေကို အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။
ဖှားသူပုန်အဖွဲ့ကွဲတွေနဲ့ ELN သူပုန်တွေကို လက်ခံပြီး အကာအကွယ်ပေးထားတယ်လို့ ကိုလံဘီယာအစိုးရက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို စွပ်စွဲထားပေမဲ့ မာဒူရိုကတော့ စွဲချက်ကို ထပ်ခါတလဲလဲ ငြင်းဆိုထားပါတယ်။