ပဲ့ထိန်းဒုံးဟုယူဆရသည့်ဒုံးကျည် မြောက်ကိုရီးယားပစ်လွှတ်ဟု ဂျပန်ပြော

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်တဲ့ ဒုံးကျည်တစီးကို ဇန်နဝါရီ ၁၁ ရက်က ပစ်လွှတ်ခဲ့တယ်လို့ ဂျပန် ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက စစ်တပ်ကို စစ်ရေးပိုတိုးတက်အောင်လုပ်ဖို့ တိုက်တွန်းအပြီး သီတင်းပတ်တပတ်အတွင်း ဒုတိယမြောက်ပစ်လွှတ်တာပါ။
အမျိုးအမည်မသိ ကျည်တမျိုး ပစ်လွှတ်မှုလို့ တောင်ကိုရီးယားစစ်တပ်က အတည်ပြုပေမယ့် အကျယ်တဝင့် ရှင်းလင်းတာမျိုး မရှိပါဘူး။
မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၅ ရက်က အသံထက်မြန်တဲ့ ဒုံးကျည်တစီး ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ပစ်မှတ်ကို အောင်အောင်မြင်မြင် ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
နျူကလီးယား လက်နက်ပိုင်ရှင် မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေဟာ မတည်ငြိမ်တဲ့ နိုင်ငံတကာအခြေအနေတွေကို တုံ့ပြန်ဖို့ စစ်ရေးစွမ်းရည်မြှင့်တင်ရေး ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ နှစ်သစ်ကူး ကတိတွေကို အလေးအနက်ပြုထားပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးနဲ့ တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ ဆွေးနွေးပွဲတွေကိုလည်း ရပ်ထားပါတယ်။