နှလုံးရောဂါသည် အမေရိကန်အမျိုးသားကို ဝက်နှလုံးဖြင့် ပထမဆုံး အစားထိုးကုသ

နှလုံးရောဂါ ကုသလို့မရအောင် လမ်းဆုံးနေတဲ့ အမေရိကန်အမျိုးသားတဦးကို မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့နှလုံးနဲ့ ပထမဆုံး အစားထိုးကုသခဲ့ပြီး၊ သုံးရက်အကြာမှာ လူနာဟာ ပုံမှန်ကောင်းမွန်နေပြီလို့ မေရီလန်းဆေးတက္ကသိုလ်ဆေးရုံက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဆေးတက္ကသိုလ် ဆရာဝန်အဖွဲ့ရဲ့ ခွဲစိတ်မှုက ဝက်ကနေ လူကို နှလုံးအစားထိုးမှု ပထမဆုံးထုတ်ဖော်ပြသမှုပါ။ မျိုးဗီဇပြုပြင်ထားတဲ့အရာတွေနဲ့ အစားထိုးကုသမှုနယ်ပယ်အတွက် ဖြစ်နိုင်ခြေအလားအလာတွေ အများကြီး ဖြစ်ပေါ်စေပါတယ်။
ဒေါက်တာ ဘတ်လေဂရစ်ဖ်က “ကျနော်တို့ အရင်တခါမှ လူတွေကို မလုပ်ဖူးပါဘူး၊ အခုလူနာကို တခြား ကုထုံးနည်းလမ်းမရှိတဲ့အတွက် ဒီနည်းကို အကောင်းဆုံးအဖြစ် ရွေးချယ်ခဲ့တာပါ။ သူ ဘယ်လောက်ခံမလဲ၊ တရက်လား၊ တပတ်လား၊ တလလား၊ တနှစ်လား ဘာမှ ကျနော်တို့ မပြောနိုင်ပါဘူး” လို့ ပြောပါတယ်။
နှလုံးအစားထိုးမှုခံရတဲ့လူနာ အသက် ၅၇ နှစ်ရှိ ဒေးဗစ် ဘန်းနက်က သူ့အတွက် နောက်ဆုံးရွေးချယ်မှုပါပဲလို့ ခွဲစိတ်ခန်းမဝင်မီမှာ ပြောခဲ့ပါတယ်။
“သေမလား ဒါမှမဟုတ် အဲဒီအစားထိုးမှုယူမလား၊ ကျနော့်အခြေအနေက အမှောင်ထဲမှာပါ၊ ကျနော် အသက်ရှင်ချင်ပါတယ်၊ ဒါဟာ နောက်ဆုံးရွေးချယ်မှုပါ။”
အခု အစားထိုးကုသစမ်းသပ်မှုအတွက် မေရီလန်းဆေးတက္ကသိုလ်က အမေရိကန် အစားအစာနဲ့ ဆေးဝါးဌာန (FDA) ဆီက ခွင့်ပြုချက်ယူခဲ့ရပါတယ်။
လက်ရှိ အမေရိကန်နိုင်ငံမှာ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသနိုင်ဖို့ စောင့်ဆိုင်းနေသူ ၁၁၀,၀၀၀ ဦး ရှိပြီး ကိုယ်တွင်းအင်္ဂါအလှူရှင် ပေါ်ထွက်မလာခင် တနှစ်ကို ၆၀၀၀ ကျော် သေဆုံးကြပါတယ်။ အခု စမ်းသပ်မှုသာ အောင်မြင်ခဲ့ပါက ကုသရေးမှာ ကိုယ်တွင်းအင်္ဂါအစားထိုးမှု ရှားပါးတဲ့ပြဿနာကို ဝက်အင်္ဂါတွေနဲ့ အစားထိုး ဖြေရှင်းပေးတော့မှာ ဖြစ်ပါတယ်။
အရင်က ဝက်ရဲ့အတွင်းကိုယ်အင်္ဂါ လူကို အစားထိုးကုသမှုတွေ မအောင်မြင်ခဲ့ပါဘူး။ အကြောင်းကတော့ လူနဲ့ ဝက်ရဲ့ မျိုးဗီဇကွဲပြားမှုနဲ့ ရောဂါပိုးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ရှင်းမထုတ်နိုင်ခဲ့တာကြောင့်ပါ။
အခု သိပ္ပံပညာရှင်တွေက အန္တရာယ်ဖြစ်စေမယ့် မျိုးဗီဇပိုင်းတွေကို ဖယ်ထုတ်နိုင်ခဲ့ပါပြီ။ မစ္စတာ ဘန်းနက်ကို ခွဲစိတ်မှုမှာ လူ့ခန္ဓာကိုယ်က လက်မခံနိုင်တဲ့ ဝက်ရဲ့မျိုးဗီဇသုံးခုကို ဖယ်ထုတ်ခဲ့ပြီး၊ ကိုယ်ခံအားစနစ်က လက်ခံနိုင်တဲ့ လူ့သားမျိုးဗီဇခြောက်ခုကို ဝက်ရဲ့ မျိုးဗီဇ genome ထဲ ထိုးသွင်းပြီး အစားထိုးကုသခဲ့တာပါ။