ရွှေ့ပြောင်းလုပ်သား ၉ သောင်းခန့်လိုကြောင်း လုပ်ငန်းရှင်များ ထိုင်းအစိုးရထံ တောင်းဆို

မြန်မာနိုင်ငံအပါအဝင် MoU စနစ်နဲ့ ခေါ်ယူမယ့် ရွှေ့ပြောင်းအလုပ်သမား ၉ သောင်းလောက်ထိ လိုအပ်ချက်ရှိနေတယ်လို့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေက အလုပ်သမားဝန်ကြီးဌာနဆီ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်င် အလုပ်သမားဝန်ကြီး ဆူချာ့ထ် ချွန်ကလင်ကတော့ လက်ရှိအချိန်ထိ လုပ်ငန်းပေါင်း ၁,၃၄၉ ခုကနေ ရွှေ့ပြောင်းအလုပ်သမားလိုအပ်ချက် ၉၀,၀၇၁ ယောက်ထိ တောင်း ဆိုထားတယ်လို့ ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတွေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကုန် ဒီဇင်ဘာလအစောပိုင်းကတည်းက အလုပ်သမားခေါ်ယူရေးဆိုင်ရာ MoU စာချွန်လွှာ လက် မှတ်ရေးထိုးထားတာလို့ ဆိုပါတယ်။
လတ်တလောမှာတော့ ထိုင်းလုပ်ငန်းရှင်တွေက တောင်းဆိုထားကြတာတွေထဲမှာ မြန်မာ လုပ်သားက ၇၂ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ခေါ်ယူလိုမှု အများဆုံးဖြစ်နေပြီး ကမ္ဘောဒီးယား လုပ်သား ၂၀ ဒသမ ၉ ရာခိုင်နှုန်းနဲ့ လာအိုလုပ်သား ၆ ဒသမ ၈ ရာခိုင်နှုန်းဆီ အသီးသီး တောင်းဆိုထားကြတယ်လို့ ဆိုပါတယ်။
မကြာသေးခင်ကတော့ ထိုင်းနိုင်ငံကနေ MoU စနစ်နဲ့ ကမ္ဘောဒီးယားအလုပ်သမား ၁၅၈ ယောက်ကို ပထမအသုတ်အနေနဲ့ ခေါ်ယူခဲ့ပြီး ကွာရန်တင်း ၇ ရက်ဝင်နေတယ်လို့ အလုပ်သမားဝန်ကြီး ဆူချာ့ထ်က ပြောပါတယ်။
အဆိုပါ အလုပ်သမားတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံကြပြီးဖြစ်ကာ ကိုဗစ် ကျန်းမာရေးအာမခံကြေးပါ အပြည့်အဝရရှိမယ်လို့ ဆိုပါတယ်။
ဒီကနဦးခေါ်ယူမှုမှာ ကမ္ဘောဒီးယားအလုပ်သမား ၂၂၀ ကို ခွင့်ပြုခဲ့တာဖြစ်ပြီး သူတို့ထဲက ၃၅ ယောက်က ထိုင်းကိုလာဖို့ အသင့်မဖြစ်သေးသလို နောက်ထပ် ၂၇ ယောက်ကတော့ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ခွင့် ဗီဇာငြင်းပယ်ခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အစောပိုင်းတုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် လုပ်ငန်းတွေ အတော်များများ ရပ်ဆိုင်းခဲ့ရသလို ရွှေ့ပြောင်းလုပ်သားအများစုဟာလည်း အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်နိုင်ငံတွေဆီ ပြန်ကုန်ကြတဲ့အတွက် လက်ရှိမှာ နိုင်ငံတွင်း လုပ်သားအင်အားပြတ်လပ်မှုတွေ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ အာဏာသိမ်းမှုနဲ့အတူ လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် MoU စနစ်နဲ့ သွားရောက်နိုင်ခြင်း မရှိသေးသလို နေ့စဉ်လိုလို နယ်စပ်တရားမဝင်လမ်းကြောင်းတွေ ကတဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်နေကြပြီး ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်။