close

နိုင်ငံပေါင်း ၂၀ ပါဝင်ကြမည့် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနယ်စပ်တွင် မပြုလုပ်

အရှေ့တောင်အာရှဒေသတွင်း အကြီးမားဆုံး နာမည်ကျော် ရွှေမြွေဟောက်- Cobra Gold စစ်ရေးလေ့ကျင့်မှုကို လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်ကနေ မတ် ၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာစစ်တပ်ပါဝင်မှာ မဟုတ်သလို မြန်မာနယ်စပ်မှာပြုလုပ်မှာလည်း မဟုတ်ဘူးလို့  ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ တော်ဝင်ထိုင်းဘုရင့်တပ်မတော်နဲ့ အမေရိကန်တို့ ပူး ပေါင်းထုတ်ပြန်လိုက်တာဖြစ်ပြီး အခုနှစ်မှာ စစ်သည်အင်အား ၈၉၆၄ ယောက်ကနေ အယောက် ၃၄၆၀ ထိ လျှော့ချသွားမှာဖြစ်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေး အစီအမံတွေနဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်အနေနဲ့ လျှို့ဝှက်လက်နက်တွေနဲ့အတူ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထောက်ပံ့မှုတွေ လုပ်မယ်ဆိုတဲ့သတင်း တွေနဲ့ပတ်သက်ပြီးတော့လည်း ငြင်းဆိုထားပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို မြန်မာနိုင်ငံနယ်စပ်မှာလည်း ပြုလုပ်မှာမဟုတ်ကြောင်းနဲ့ ပရာချွတ်ခီရိခန်၊ လော့ပ်ဘူရီ၊ ရာယောင်၊ ချွန်ဘူရီနဲ့ ထိုင်းပင်လယ်ကွေ့ အထက်ပိုင်းမှာသာ ပြုလုပ်သွားမယ်လို့ ထိုင်းဘုရင့်တပ်မတော်ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာတာပိုဘိုင်ဂမ်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်အထိ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွေမှာ မြန်မာနိုင်ငံက ပါဝင်ခဲ့ပြီး အခု နှစ်ရဲ့ ၄၁ ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုမှာ မပါဝင်တာနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ရောဂါ အခြေအနေနဲ့ မြန်မာဘက်က ပြင်ဆင်ဖို့ အချိန်မလုံလောက်တော့တာရယ်ကြောင့် ထိုင်းနဲ့ အမေရိကန်တို့ ပူးပေါင်းဆုံးဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

အခုနှစ်မှာတော့ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနဲ့ အမေ ရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ က အပြည့်အဝ ပူးပေါင်းပါဝင်သွားမှာဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ ဩစတေးလျနိုင်ငံတွေကလည်း လူသားချင်းအကူအညီပေးရေး လေ့ကျင့်ခန်းတွေမှာ  အကန့်အသတ်နဲ့ ပါဝင်သွားကြမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ပြင်သစ်၊ အင်္ဂလန်၊ မွန်ဂိုလီးယား၊ နီပေါ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ ဖီဂျီနဲ့ ဗီယက်နမ်နိုင်ငံတွေကတော့ နိုင်ငံစုံစီမံကိန်း မြှင့်တင်ရေးအဖွဲ့ ပရောဂျက်တွေမှာ ပါဝင်သွားကြမယ်လို့ ဆိုပါတယ်။

အခုနှစ်ရဲ့ စစ်သည်အင်အားတွေထဲမှာတော့ ထိုင်းက ၁,၉၅၃ ယောက်၊ အမေရိကန်က ၁,၂၉၆ ယောက်၊ စင်ကာပူက အယောက် ၅၀၊ အင်ဒိုနီးရှားက ၁၆ ယောက်၊ ဂျပန်က ၃၅ ယောက်၊ တောင်ကိုရီးယားက ၄၁ ယောက်၊ မလေးရှားက ၃၆ ယောက်၊ တရုတ်က ၁၀ ယောက်၊ အိန္ဒိယက ၅ ယောက်နဲ့ ဩစတေးလျက ၁၈ ယောက်စီ အသီးသီး ပါဝင်မယ်လို့ ဆိုပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုလုပ်ရတာရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့၊ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့ဖွဲ့စည်းနိုင်ရေး၊ လူသားချင်းစာနာ မှု ဆိုင်ရာ အကူအညီပေးရေးနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးတွေအတွက် အသင့်အနေအထားရှိအောင်ဖြစ်ကာ မြန်မာနိုင်ငံကတော့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတင်ကာ  စစ်ဆင်ရေးမှာ လေ့လာသူအဖြစ် ပါဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up