close

သံတောင်ကြီး၊ ဘုရင့်နောင်တပ်နယ်မှ စစ်သင်တန်းသားများ ထွက်ပြေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီ ခလရ-၄၁၄ တပ်က အင်အား ၁၀၀ နီးပါးရှိတဲ့ တပ်ဖွဲ့ဝင်တွေဟာ ကျွဲဖြူတောင်အုပ်စု၊ တောပြာကလေးရွာထဲ ဝင်ရောက်လာပြီး ထွက်ပြေးသွားတဲ့ စစ်သင်တန်းသားတွေကို ရှာဖွေနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့၊ ရေတာရှည်မြို့၊ ဆွာမြို့တွေကနေ သံတောင်ကြီး ဘုရင့်နောင်တပ်နယ်မှာ စစ်သင်တန်းတက်ရောက်နေတဲ့ တပ်သားတွေ နေ့စဉ်ထွက်‌ပြေးနေတဲ့အတွက် သံတောင်မြို့ အပါအဝင် မြို့နယ်နဲ့ဆက်စပ်တဲ့ တောင်ပေါ် တောင်အောက် ကျေးရွာတွေမှာ ရှာဖွေစစ်ဆေးတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အများပြည်သူသွားလာနေတဲ့ လမ်းမပေါ်တွေမှာ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက ကင်းစခန်းပြုလုပ်ပြီး တားဆီးစစ်ဆေးမေးမြန်းတာတွေ ကျေးရွာအတွင်းကို  မကြာခဏ စစ်ဆေးရှာဖွေတာတွေ လုပ်ဆောင်နေတဲ့အတွက် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သံတောင်မြို့ ဒေသခံတစ်ဦးက”သူတို့လူတွေ ထွက်ပြေးလို့ ရှာဖွေစစ်ဆေးတာက အရေးမကြီးဘူး။ အပြစ်မဲ့ပြည်သူတွေပဲ မတရားဖမ်းဆီးခံရမှာကို စိုးရိမ်တယ်။ အခုလိုအချိန်မှာ သူတို့တပ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ အပြင်လူတွေထက် သူတို့လူတွေက ပိုသိတာပေါ့။ အခြေအနေမကောင်းလို့ ပြေးတာဖြစ်မယ်။ အခုမှ အမှန်တကယ် တပ်ပျက်နေတာ”လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနက် ၁၁ နာရီလောက်က သံတောင်မြို့အထွက် တောင်ပြာကလေးလမ်းမှာ ဒေသခံပြည်သူတချို့ ၂ နာရီကြာ တားဆီးစစ်ဆေးခဲ့သလို လူငယ်နှစ်ယောက်ကို ကြိုးတုပ်ဖမ်းဆီးပြီး အတင်းအကျပ်စစ်ဆေးခဲ့တယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့လူငယ်တယောက်က  ပြောပါတယ်။

“သူတို့မေးတာတွေက ကျနော်တို့မှ မသိတာ။ အတင်းအကျပ်မေးပြီး ဝန်ခံခိုင်းတယ်။ သူတို့မေးတာက သံတောင်မြို့တပ်စခန်းကနေ  အရပ်ဝတ်‌နဲ့ ဈေးဝယ်သွားတဲ့ စစ်သား၂ ယောက် ပစ်သတ်ခံရပြီး သေနတ် တစ်လက်ဆုံးရှုံးသွားတယ်ပေါ့။ အဲဒီသေနတ်ဘယ် သူယူသွားလဲ။ အခု ဘယ်မှာရှိလဲ။ ပြန်လိုချင်တယ်ဆိုပြီး အတင်းအကျပ် မေးမြန်းစစ်ဆေးခဲ့တယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ငူမြို့၊ စစ်မြေပြင်ဆေးတပ်က အထူးကုဆရာဝန်ကြီးတွေအပါအဝင် အရာရှိတချို့ ထွက်ပြေးပြီး ပြည်သူ့ရင်ခွင်ခိုလှုံသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် တောင်ငူမြို့နဲ့ သံတောင်မြို့ အဝင်အထွက်ဂိတ်တွေကို ရှာဖွေစစ်ဆေးတာတွေ  ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up