မန္တလေးက သပိတ်ခေါင်းဆောင်အချို့ ဖမ်းဆီးခံရ

စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် မန္တလေးမြို့မှာ နေ့စဉ်မပြတ်ချီတက်ဆန္ဒပြနေတဲ့ မန္တလေးသပိတ်အင်အားစုက ခေါင်းဆောင် ၄ ယောက် ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီကျော်လောက်က ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရတဲ့ ကိုသူရအောင်၊ ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်း တို့ဟာ သပိတ်တက်ကြွလှုပ်ရှားသူတွေဖြစ်ပြီး ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့ကတော့ အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။
ထွက်ပြေး လွတ်မြောက်လာသူတယောက်က “ကျနော်တို့က ရှစ်ယောက်စုနေကြတာ။ နှစ်ယောက်က ဈေးဝယ်ထွက်ရင်း အဖမ်းခံမလိုဖြစ်တာကြောင့် ကျန်တဲ့သူတွေ ဖုန်းဆက်ပြီး ပြေးကြဖို့ပြောတယ်။ အဲ့ဒီထဲကမှ လေးယောက်ဖမ်းခံလိုက်ရတယ်။ တချို့ အိမ်အပေါ်ထပ်ကနေ ခုန်ချထွက်ပြေးတာတွေရှိတယ်။” လို့ ပြောပါတယ်။
မန္တလေးသပိတ်အင်အားစုက သပိတ်ခေါင်းဆောင်တချို့ နေထိုင်တဲ့ မဟာအောင်မြေမြို့နယ်အရှေ့ပိုင်းက အိမ်တစ်အိမ်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ဖျက်ဆီးတာ ၊ ရိုက်နှက်ဆဲဆို ဖမ်းဆီးသွားတာလို့ သိရပါတယ်။
အဓမ္မ ဖမ်းဆီးခံလိုက်ရတဲ့အတွက် မန္တလေး မြေပြင်သပိတ်လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အထူးစိုးရိမ်ကြောင်း သပိတ်မှာ ပါဝင်သူတွေက ဆိုကြပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက် တွေက စစ်ကောင်စီတပ်သားတွေဟာ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာလမ်းပိတ်ဆို့ ဝင်ရောက်စီးနင်းပြီး လူငယ်တချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။