close

ဧရာဝတီတိုင်းတွင် ၂ ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၅၀၀ ကျော်ထိရှိလာ

ဧရာဝတီတိုင်းမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ကိုဗစ် အတည်ပြုလူနာ ၁၅၀၀ ကျော် တွေ့ရှိထားတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်စည်းကမ်းတွေကို အရပ်သားအစိုးရလက်ထက်ကလို တင်းကြပ်မှုမရှိတာကြောင့် ခုလို အချိန်တိုအတွင်းမှာ ကူးစက်မှုရာနှုန်း မြင့်တက်လာတာလို့ ကျန်းမာရေးဝန်ထမ်းတွေက သုံးသပ်ပြောဆိုပါတယ်။ 

“ခုက လူတွေက နေချင်သလိုနေ သွားချင်သလိုသွားနေတာ။ မြို့ထဲမှာ သူတို့က မြို့ဝင်ထွက်လောက်မှာပဲ စစ်ဆေးတာ၊ မြို့ထဲက လူတွေကို ကူးချင်သလို ကူးစေပုံစံဖြစ်နေတာ။ အရက်ဆိုင်တွေ၊ ဘားတွေ၊ ညဈေးတွေ အကုန်စည်ကားနေတာ။ ပိုးက အစုလိုက် အပြုံလိုက် ကူးလို့ကောင်းတာပေါ့၊ အဲ့တာကြောင့် ခုလိုများလာတာ” လို့ CDM ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၇ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၁၃၀ ကျော်ရှိရာကနေ ၂ ပတ်အတွင်းမှာ ၁၅၀၀ ကျော်ဖြစ်လာတာဟာ တော်တော်စိတ်ပူစရာကောင်းတဲ့အနေထားလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ရောဂါကူးစက်မှု အများဆုံးမြို့နယ်တွေကတော့ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံနဲ့ ဟင်္သာတမြို့နယ်တွေဖြစ်ပြီး တိုင်းအတွင်းက မြို့နယ် ၂၆ မြို့နယ်လုံးမှာ  ကိုဗစ်အတည်ပြုလူနာတွေ တွေ့ရှိထားတယ်လို့ စစ်ကောင်စီကျန်းမာရေးဌာနက သိရပါတယ်။ 

ကိုဗစ်အတည်ပြုလူနာ ၁၅၀၀ ကျော်မှာ ရောဂါအခံရှိသူနဲ့ သက်ကြီးရွယ်အို သေဆုံးသူ ၃ ဦးရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up