close

မုံရွာမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များ ရောင်းချသုံးစွဲသူ နည်းလာ

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်အတွင်း ပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့ မုံရွာသပိတ်ကော်မတီက တားမြစ်သတိပေးနေတာကြောင့် စစ်တပ်ရဲ့ ထုတ်ကုန်တွေ သုံးစွဲရောင်းချသူ အနည်းငယ်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြိုနယ်အတွင်း စစ်တပ်ထုတ်ကုန် သုံးဆွဲတာမပြုလုပ်ကြဖို့ ပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့ မုံရွာသပိတ်ကော်မတီက ဇန်နဝါရီ ၁ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့‌တွေက အသီးသီးထုတ်ပြန်ထားတာဖြစ်ပြီး လက်ရှိမှာ ရောင်းချသူနဲ့ သုံးစွဲသူ အနည်းငယ်ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့‌ ဝင်ငွေလမ်းကြောင်း ဖြတ်တောက်နိုင်ဖို့ စစ်တပ်ထုတ်ကုန်တွေ မသုံးစွဲဖို့ တားမြစ်တာလို့ ဖော်ပြထားပါတယ်။

မုံရွာစတိုးဆိုင်ပိုင်ရှင်တဦးက “ကျနော်တို့ကတော့ နဂိုကတည်းက ကိုယ့်အသိနဲ့ကို အဲဒီပစ္စည်းတွေကို မတင်တော့တာ။ ပစ္စည်းလာဝယ်သူအချို့တော့ရှိတယ်။ လာဝယ်ရင်လည်း မရှိဘူးလို့ပဲ ပြောလိုက်တယ်” လို့ ပြောပါတယ်။

မုံရွာမြိုနယ်မှာ စစ်တပ်ထုတ်ကုန်တွေကို ဈေးကွက်အတွင်း မှောင်ခိုလိုက်ပို့နေသူတွေလည်း ရှိနေသေးတယ်လို့ စစ်ကိုင်း နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

“မြန်မာဘီယာလိုဟာမျိုးနဲ့ Ruby ဆေးလိပ်တွေကတော့ ဈေးကွက်တွေမှာ ပျောက်လုနီးပါးဖြစ်သွားရတယ်။” 

ရောင်းချသူတွေကို အခုလို ကန့်သတ်ချက်တမျိုးတည်း လုပ်တာထက် သုံးစွဲသူများအထိ အသိပညာပေးဆောင်ရွက်တာမျိုး လုပ်ဆောင်ပြီး စက်မှု ၁ ထုတ်တဲ့ ပစ္စည်းလိုမျိုး ဈေးကွက်ကနေ ပျောက်ကွယ်သွားအောင် ပြုလုပ်ကြဖို့ စစ်ကောင်စီဆန့်ကျင်သူတွေက လိုလားနေကြပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာလည်း စစ်တပ်ပိုင်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူရောင်းချတာမလုပ်ဖို့  ကေအိုင်အို/ကေအိုင်အေက သတိပေးစာထုတ်ပြန်ထားပြီးနောက် မြို့နယ်အတွင်းရှိ ဆိုင်အတော်အများများမှာ   Myanmar Beer ၊ Dagon Beer ၊ ABC Beer စတာတွေ ရောင်းချတာ နည်းသွားပြီလို့ သိရပါတယ်။

မြို့နယ်အချို့မှာလည်း စစ်တပ်ထုတ်ကုန် ဘီယာတွေ တင်ဆောင်လာတဲ့ ကားတွေကို PDF တွေက ဖမ်းဆီးပြီး ဘီယာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up