ရေးမြို့နယ်တွင် ကိုဗစ်ကူးမှုမြင့်တက်၊ အစင်ကျေးရွာက ကျောင်းသားကျောင်းသူ ၁၆၀ ကျော် ကူးစက်ခံရ





မွန်ပြည်နယ် ရေးမြို့နယ်မှာ ၂ ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာမှာ ၁၀၇ ဦးတွေ့ရှိခဲ့ပြီး အစင်ကျေးရွာက ကျောင်းသားကျောင်းသူ ဆရာဆရာမတွေ အများစုဖြစ်တယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။
“အရင်ကိုဗစ် တတိယလှိုင်းကထက် အခု ကိုဗစ်ကူးစက်မှုက မြန်တယ်။ ဒါပေမဲ့ ရောဂါလက္ခဏာပြင်းထန်တဲ့သူ မရှိသလောက်ဘဲ၊ ၅ ရက်အတွင်း ပြန်လည်ကျန်းမာလာတာကို တွေ့ရတယ်” ပရဟိတသမားတဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့က အစင်မူလွန်ကျောင်းကနေ ဆရာမတဦးမှာ ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့ပြီး ထိတွေ့ထားတဲ့ ကျောင်းသား/သူ ၁၇ ဦးမှာ ထပ်မံပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒီနောက် အစင်ရွာမ မူလွန် အထက ကျောင်းမှာ ထပ်မံစစ်ဆေးချက်အရာ ကျောင်းသား/သူပေါင်း ၁၆၃ ဦး ကိုဗစ်ပိုးတွေ့ခဲ့တာလို့ ပရဟိတသမားတဦးက ပြောပါတယ်။
ကာကွယ်တားဆီးရေးအပိုင်းက အရင်ကထက်အားနည်းလာတာကြောင့် မြို့ပေါ်နဲ့ နယ်ကျေးရွာတွေပါ ကူးစက်မှုက တနေ့တခြား ပိုများလာတာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၁ ပတ်အတွင်း စာရင်းဖော်ပြချက်အရ မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါဖြစ်ပွားသူစုစုပေါင်း ၁,၀၈၅ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိခဲ့ပြီး ရေးမြို့နယ်က ကိုဗစ် အတည်ပြုလူနာ ၃၀၀ ကျော် ရောဂါကူးစက်မှု အများဆုံးဖြစ်ပါတယ်။