ပါကစ္စတန်ဗလီ၌ သေနတ်ပစ်ခတ်မှုဖြစ်ပြီး ၅၆ ဦး သေဆုံး

ပါကစ္စတန်အနောက်မြောက်ဘက် ပရှာဝါမြို့ ဗလီတခုမှာ မတ်လ ၄ ရက် သောကြာနေ့ ဝတ်ပြုဆုတောင်းနေစဉ် သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ လူ ၅၆ ဦး သေဆုံးပြီး ၁၉၄ ဦး ဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရသူတချို့ စိုးရိမ်ဖွယ်အခြေအနေ ရှိနေတာကြောင့် သေဆုံးမှုအရေအတွက် များလာဖို့ ရှိတယ်လို့ ရဲဌာနနဲ့ ဆေးရုံးက ပြောပါတယ်။
ဗလီအတွင်း ဝင်ရောက်ပစ်ခတ်မှုနောက်ကွယ်မှာ ဘယ်အဖွဲ့အစည်း ရှိတယ်ဆိုတာ အတည်မပြု နိုင်သေးပါဘူး။
မျက်မြင်သက်သေတဦးက “ဝတ်ပြုနေသူတွေကို သေနတ်နဲ့ စပစ်တာပါ။ ကျနော်လည်း ထွက်ပြေးလို့ သီသီလေး ကပ်လွတ်ခဲ့တာ။ အသက် ၂၀ ကျော် လူငယ်တယောက် ဝင်လာပြီး သေနတ်နဲ့ ပစ်တာ၊ ပြီးတော့ သူ့မျက်စိကိုမှိတ်ပြီး ဗုံးခွဲ သေဆုံးသွားတယ်၊ သူ့မျက်နှာမှာ နှုတ်ခမ်းမွှေး မုတ်ဆိတ်မရှိဘူး ရှင်းထားတယ်၊ ကျနော့်လက်နဲ့ခြေထောက်လည်း ဒဏ်ရာရတယ်” လို့ ပြောပါတယ်။