မိုးမောက်မြို့တွင် နယ်ထိန်း ရဲတပ်သား ၁ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှာ မတ်လ ၇ ရက် မနေ့ ညနေ ၅ နာရီ ဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ နယ်ထိန်း ရဲတပ်သား တယောက် ပစ်သတ်ခံရပါတယ်။
ရဲတပ်သားကို အမည်မသိတဲ့ သေနတ်သမားက ဈေးနားက ကွမ်းယာဆိုင်နားမှာ ပစ်သတ်လိုက်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဈေးနားက ကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်ပြီး ပြန်ဖို့လုပ်တဲ့ အချိန်ပစ်ခံရတာတဲ့၊ ရဲဝတ်စုံနဲ့ မဟုတ်တော့ အရပ်သားပဲ ထင်နေကြတာ။ နောက်မှကြားတာက ရဲတဲ့။”
ပစ်သတ်ခံရတဲ့ ရဲတပ်သားဟာ မိုးမောက်မြို့ ခါနန်ရပ်ကွက် နယ်ထိန်းရဲ တာဝန်ယူနေတဲ့ ရဲတပ်သား ဖြစ်ပြီး ထမ်းဆောင်တာ မကြာသေးဘူးလို့လဲ သိရပါတယ်။
လက်ရှိအချိန်ထိ ရဲတပ်သား ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
မိုးမောက်မြို့မှာ စစ်ကောင်စီ စစ်သားတွေက စစ်ကြောင်းနဲ့ သွားလာလှုပ်ရှားနေပြီးတော့ မကြာခဏ ဗုံးပေါက်ကွဲတာတွေ ရှိသလို၊ ဖေဖော်ဝါရီလတုန်းကလည်း စစ်ကောင်စီတပ်သားတွေက မြို့ခံပြည်သူ ၂ ယောက်ကို ပစ်သတ်တာ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။