close

ကိုဗစ်-၁၉ ကြောင့် နိုင်ငံ ၃ ခုသို့ ခရီးမသွားကြရန် နိုင်ငံသားများကို အမေရိကန် သတိပေး

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ထိုင်း၊ ဟောင်ကောင်နဲ့ နယူးဇီလန်နိုင်ငံတွေဆီ ခရီးသွားလာမှုတွေ ရှောင်ကြဉ်ကြဖို့ အမေရိကန်နိုင်ငံရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (စီဒီစီ) က နိုင်ငံသားတွေကို သတိပေးထားပါတယ်။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (စီဒီစီ) က အဆိုပါ နိုင်ငံ ၃ ခုကို ရောဂါ ကူးစက်နိုင်ခြေ “အလွန်မြင့်” အဆင့် ၄ သတ်မှတ်ထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ခရီးသွားလာမှု ရှောင်ကြဉ်ကြရမယ့် နိုင်ငံနဲ့ ဒေသစုစုပေါင်း ၁၃၅ ခုလောက် ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရောဂါကူးစက်နိုင်ခြေ “မြင့်” အဆင့် ၃ ထဲမှာ တခြားနေရာ ၃၅ ခုကို ထပ်မံထည့် သွင်းလိုက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း မပြုရသေးတဲ့ အမေရိကန်နိုင်ငံသား တွေအနေနဲ့ ရှောင်ကြဉ်ကြဖို့ အသိပေးထားပါတယ်။

“တကယ်လို့များ ထိုင်းနိုင်ငံကို သွားရမယ်ဆိုရင် ခရီးမသွားခင် ကိုဗစ်-၁၉ ကာကွယ်ဆေး အချိန်မီ ထိုးနှံပြီးစီးတာ သေချာပါစေ။ အချိန်နဲ့တပြေးညီ ကာကွယ်ဆေးထိုးနှံပြီးတာတောင် ရောဂါပျံ့နှံ့ ကူးစက်ခံရနိုင်ခြေ ရှိနေနိုင်ဆဲ ဖြစ်ပါတယ်။”

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း နိုင်ငံတဝန်း ရောဂါ ကူးစက်ခံရသူ ၁၈,၉၄၃ ယောက်နဲ့ သေဆုံးသူ ၆၉ ယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဟောင်ကောင်မှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၂၅,၁၅၀ ယောက်နဲ့ သေဆုံးသူ အယောက် ၂၈၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ဟောင်ကောင်မှာ ရောဂါထိန်းချုပ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ကူးစက်ခံရသူပေါင်း ၅ သိန်းဝန်းကျင်ရှိလာ နေခဲ့တာပါ။ မြို့ကြီးအများစုမှာတော့ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂,၂၀၀ ထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက်မှာတော့ ဟောင်ကောင်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အများဆုံးအဖြစ် စံချိန်တင်ခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (စီဒီစီ) က ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရောဂါကူးစက်နိုင်ခြေ “မြင့်” အဆင့် ၃ တိုးမြှင့် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up