close

ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ၇၅ ဦးနှင့် လမ်းပြ ၈ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၅  ဦးကို လမ်းပြ ၈ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ကန်ကျန ပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

မတ်လ ၇ ရက် မွန်းတည့်  ၁၂ နာရီမှ မတ်လ ၈ ရက် မွန်းတည့် ၁၂ နာရီအတွင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီနဲ့ ကန်ကျနပူရီမြို့နယ် ၂ ခုရှိ နေရာပေါင်း ၅ နေရာကနေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ 

မတ်လ ၇ ရက် ညနေ ၆ နာရီက ဆန်ခလပူရီမြို့နယ် လိုက်ဝိုက်အုပ်စုထဲမှာ ၂ ဦး ၊ လမ်းပြ ၁ ဦး ၊ ည ၈ နာရီကျော်က ကန်ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စုထဲမှာ ၁၈ ဦး ၊ လမ်းပြ ၅ ဦး ၊ ညသန်းခေါင်ယံအချိန်က နောင်လူးအုပ်စု ဟွေ့ကုပ်ရွာမှာ ၃၉ ဦး ဖမ်းဆီးရမိပါတယ်။ 

မတ်လ ၈ ရက် မနက် ၈ နာရီခွဲက ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စုထဲမှာ ၇ ဦး၊ မနက် ၉ နာရီ မိနစ် ၄၀ က ကန်ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စုထဲမှာ ၉ ဦး ၊ လမ်းပြ ၂ ဦးတို့ကို ဖမ်းမိတယ်လို့ ဆိုပါတယ်။ 

၁ ရက်အတွင်းမှာ အမျိုးသား ၄၇ ဦး အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၇၅ ဦးနဲ့ လမ်းပြ ၈ ဦးတို့ကို ဖမ်းမိကြောင်း ၊ သူတို့ဟာ မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသကဖြစ်ပြီး ထိုင်းမှာအလုပ်လာလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၅၀၀ မှ ၂၅၀၀ ထိပေးခဲ့ရကြောင်း ၊  ကိုဗစ် ၁၉ ရောဂါအတွက် အပူချိန်တိုင်းရာမှာ အားလုံးပုံမှန်ဖြစ်ပြီး လဝကဥပဒေနဲ့အရေးယူဖို့ နယ်မြေရဲစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့  သတင်းမှာဖော်ပြသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up