မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စနစ်သစ် စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၂၆ ရက်နဲ့ မတ်လ ၄ ရက်နေ့တွေမှာ ပစ်လွှတ်စမ်းသပ်ခဲ့တာဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM စနစ်သစ်တွေ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရရဲ့ အကြီးတန်းအရာရှိတယောက်က မတ်လ ၁၀ ရက်မှာ ပြောပါတယ်။
ဒါဟာ တကမ္ဘာလုံးက ညီညီညွတ်ညွတ် တုံ့ပြန်ဖို့လိုတဲ့ အသည်းအသန် အရေးကြီးပြီး ပိုကျယ်ပြန့် ပြင်းထန်လာတဲ့ စိန်ခေါ်မှုလို့လည်း သူက ခေါ်ဝေါ်လိုက်ပါတယ်။
အမည်မဖော်တဲ့ အမေရိကန်အရာရှိက "ဒီစနစ်သစ်ထဲမှာ ICBM အရည်အသွေးကို စွမ်းဆောင်နိုင်တဲ့ အခြေခံအချက်တွေ ပါပေမဲ့ ပစ်လွှတ်ချိန်မှာ အဲဒီစနစ်ကို သရုပ်ပြသုံးစွဲတာ မလုပ်ခဲ့ဘူး၊ ဒါဟာ အပြည့်အဝ ပစ်လွှတ်စမ်းသပ်တာ မလုပ်ခင် စနစ်ရဲ့ အစိတ်အပိုင်းတွေကို စမ်းသပ်ဖို့ ရည်မှန်းတာ ဖြစ်ပုံရပြီး အာကာသလွှတ်တင်ရေးအဖြစ် ရုပ်ဖျက်ဖို့ အလားအလာ ဖြစ်နိုင်တယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။
၂၀၂၀ အောက်တိုဘာလက မြောက်ကိုရီးယား မြို့တော် ပြုံယမ်းမှာ စစ်ရေးပြပွဲအတွင်း ခင်းကျင်းပြသခဲ့တဲ့ ဒုံးကျည်စနစ်ကို မြင်ခဲ့ဖူးပါတယ်။ ခေါင်းဆောင် ကင်မ်ဂျွန်အန်းနဲ့ တခြား အကြီးတန်း အရာရှိတွေက အလေးပြုခဲ့ပြီး အလံတွေ ဝှေ့ယမ်းနေတဲ့ လူအုပ်ကို ဖြတ်သန်းရင်း ဒုံးကျည်တွေကို သယ်ဆောင်သွားခဲ့တာပါ။
မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ ရဖို့ လာမယ့်နှစ်တွေမှာ ကင်းထောက်ဂြိုဟ်တုတွေ ပစ်လွှတ်သွားမယ်လို့ ကင်မ်ဂျွန်အန်းကို ကိုးကားပြီး မြောက်ကိုရီးယားအစိုးရ မီဒီယာက မနေ့က ကြေညာခဲ့ပါတယ်။